Saturday, October 29, 2016

မဟာဓါတ်အားလိုင်းပြင်ပ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး အသေးစား လျှပ်စစ်မီးလင်းရေးစနစ် ဓါတ်အားလိုင်း မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၉
ဂျပန်နိုင်ငံသူ/နိုင်ငံသားများမှ ပံ့ပိုးကူညီသော ရန်ပုံငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နေရောင်ခြည် စွမ်းအင်သုံး အသေးစားလျှပ်စစ် မီးလင်းရေးစနစ်ဖွင့်ပွဲ
အခမ်းအနားကို  အောက်တိုဘာ(၂၈) ရက် နံနက်(၁၀)နာရီအခွဲက မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်ဆူတောကျေးရွာ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင်- လျှပ်စစ်စွမ်းအင် ရရှိခြင်းအားဖြင့် ကလေးသူငယ်များ၏ ပညာရေး ကဏ္ဍပိုင်းတွင် သာမက စီးပွားရေးကဏ္ဍများ၊ သတင်းအချက်အလက်၊ နည်းပညာဗဟုသုတ အသိပညာများ ပိုမိုတိုးပွားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှုအပါအဝင် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကိုအသုံးပြုပြီး အမျိုးသားလျှပ်စစ် စီမံကိန်း (National Electrification Project-NEP) စီမံကိန်းလုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲ၍ နောင် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ဝေးလံခေါင်ဖျားသော ဒေသများအတွက် မဟာ ဓါတ်အားလိုင်း မရောက်ရှိ နိုင်သေးခင် ကြိုတင်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားနိုင်ရန် ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ဂျပန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)စသည့် အဖွဲ့အစည်းများ ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် ADB တို့ ပူးပေါင်း၍ ကျေးရွာပေါင်း(၁၂)ရွာအား လျှပ်စစ် မီးရရှိရေး စီမံကိန်းထားရှိ ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းကျေးရွာများ အပြင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓါတ်အားလိုင်းပြင်ပ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး (Pilot Project) များ ထားရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကြက်ဆူတောကျေးရွာ အနေဖြင့် မီးလင်းရေး ကော်မတီများ ဖွဲ့စည်းထားရှိပြီး မီးသုံးစွဲခနှင့် လည်ပတ်ခြင်း၊ ထိန်းသိမ်း ခြင်းလုပ်ငန်းများအတွက် သက်သာသော နှုန်းထားဖြင့် သုံးစွဲနိုင်ရန်စီမံလျက်ရှိပါကြောင်း၊ ကျေးလက်လူထုနှင့် တာဝန်ရှိသူများအနေဖြင့် မီးလင်းရေး လုပ်ငန်းများနှင့် ရေရှည်တည်တံ့ ခိုင်မြဲရန် လက်တွဲညီညီ ဝိုင်းဝန်းကူညီ ထိမ်းသိမ်း ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း၊ အသေးစား ဓါတ်အားလိုင်းစနစ် (Mini-grid)များ ရရှိနိုင်မည့် သဘာဝအရင်းအမြစ် ပေါ်မူတည်၍ World Bank, GIZ, ADB တို့မှ နည်းပညာ အကူအညီများရယူကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ADB Director Mr. Andrew Jefferies  က မီတာတွင် ငွေကြိုဖြည့် စနစ် ဖြင့် လွယ်လင့်တကူ သုံးစွဲနိုင်ရန် စီမံဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်နှင့် အသေးစားလျှပ်စစ် လုပ်ငန်းများအား ဝေးလံသည့်ရွာများသို့ ပေးဝေနိုင်ရေး ရည်ရွယ်၍ စီမံကိန်းများ ဆောင်ရွက်နေခြင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ အားလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် နေရောင်ခြည်စွမ်းအင်သုံး အသေးစားလျှပ်စစ်မီးလင်းရေးစနစ်ဖွင့်ပွဲကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ADB Director Mr. Andrew Jefferies နှင့် ကြက်ဆူတောကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ Executive Director Mr. Won. Mok Choi တို့က အသေးစားလျှပ်စစ်မီးလင်းရေးစနစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ကြက်ဆူတောကျေးရွာအတွင်း ဒေသခံများမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် တပိုင်တနိုင် သိုးမွေးမြူရေး၊ ဆိတ်မွေးမြူရေး လုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းနှင့် လျှပ်စစ်မီတာ တပ်ဆင် အသုံးပြုနေမှု များအား လှည့်လည် ကြည့်ရှု အားပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment