Saturday, October 29, 2016

ပုဂံဒေသ ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းမွမ်းမံရန် အလှူငွေပေးအပ်၊ ဆဌသင်္ဂါယနာ မဟာပါသာလှိုဏ်ဂူသိမ်တော်ကြီး အနောက်ဘက်မုခ်ဦးနှင့် ကမ္ပည်းစာတမ်းများ ဖွင့်လှစ်


ရန်ကုန်- အောက်တိုဘာ ၂၉
ပုဂံဒေသငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားစေတီ ပုထိုးများနှင့် သာသနိက အဆောက်အဦးများပြုပြင် ထိန်းသိမ်း မွမ်းမံရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က  အမှာစကားပြောကြားသည်။



ထို့နောက် အလှူရှင် ၄၂ ဦးတို့က အလှူငွေ စုစုပေါင်း၂၂၁၄,၅၆၀၀၀ ကျပ် (ငွေကျပ်-၂၂၁၄ သိန်းကျော်) နှင့် ဒေါ်လာ ၃၂၀၀ တို့ကိုပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး အနောက် ဘက်မုခ်ဦးနှင့် ကမ္ဗည်းစာတမ်းများဖွင့်ပွဲ အခမ်းအနားများကို  နံနက် ၁၁ နာရီခွဲတွင် ကမ္ဘာအေး ကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်း ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ ပရိသတ်က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်ကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင် လေးကျွန်းသူဖောင်ဒေးရှင်းတို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာပါ သာဏလှိုဏ်ဂူ သိမ်တော်ကြီး အနောက်ဘက်မုခ်ဦးနှင့် ကမ္ဗည်းစာတမ်းများ အသစ်မွမ်းမံ ပြင်ဆင်ခြင်းအတွက် အလှူရှင် လေးကျွန်းသူဖောင်ဒေးရှင်းက ငွေကျပ် ၂၀၆ သိန်းကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
ဆက်လက်၍ သန်လျင်မင်းကျောင်း ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူသည်။
ယင်းနောက် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၏ အနောက်ဘက်မုခ်ဦး၊ တောင် ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့ရှိ မုခ်ဦးများတွင် ကမ္ဗည်းစာတမ်းများကို ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင် လေးကျွန်းသူ ဖောင်ဒေးရှင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး ကမ္ပည်းစာတမ်းကို ဆဋ္ဌသင်္ဂါယနာတင်တော်မူရာဌာနအဖြစ် ရဟန်းရှင်လူ ပြည်သူများ သိရှိ နိုင်စေရန် ရည်သန်လျက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် အညီ “ဆဋ္ဌသင်္ဂါယနာမဟာ ပါသာဏလှိုဏ်ဂူ  သိမ်တော်ကြီး” ဟု ပြင်ဆင်မွမ်းမံပြီး ပိုမိုခန့်ညား ထည်ဝါမှု ရှိစေရန်အတွက် အနောက်ဖက် မုခ်ဦးနှင့် ကမ္ပည်းစာတမ်းများကို အသစ်ထပ်မံတည်ဆောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment