နေပြည်တော်
အောက်တိုဘာ ၂၉
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ
သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေနှင့်
အဖွဲ့ဝင်များဖြစ်ကြသည့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊
တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်
ရောက်ကြသည်။
ဒုတိယနေ့အစည်းအဝေးတွင် UPDJC ၏ လုပ်ငန်းလမ်းညွှန်အား
ဆွေးနွေး အတည်ပြုခြင်း၊ UPDJC အတွင်း ရေးမှူးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်အား ဆွေးနွေး အတည်ပြုခြင်း၊
လုပ်ငန်းကော်မတီများ၏ လုပ်ငန်းလမ်း အညွှန် အား ဆွေးနွေး အတည်ပြုခြင်းနှင့် အထွေထွေ ကိစ္စရပ်များအား
ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်း
ရေးဆွေးနွေးမှုပူးတွဲကော်မတီ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက
UPDJC အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ကော်မတီ၏ ရည်ရွယ်ချက်များကို အောင်အောင် မြင်မြင်
အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီး
ပါကြောင်း၊ ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ရည်ရွယ်ချက်ချင်း
တူညီလျှင် ညီညွှတ်မှုရရန်၊ ဆုံးဖြတ်ချက်များချရန် လွယ်ကူသော်လည်း ရည်ရွယ်ချက်ချင်း မတူညီပါက ညီညွှတ်မှုရရန်၊ ဆုံးဖြတ်ချက် များချရန် အခက်အခဲများရှိ
မည်ဖြစ်သောကြောင့် ညှိနှိုင်းဆွေးနွေး၍ အဖြေရှာ ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့
ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နိုင်ငံ၏ အနာဂတ်အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက အနာဂတ်၏
ငြိမ်ချမ်းရေးနှင့် အနာဂတ်၏ ကောင်းစားရေးအတွက် အားလုံးစု စည်းပြီး ညှိနှိုင်းအဖြေရှာသည့်
နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ရန် ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်ချမှတ်သည့်
နေရာတွင် လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်သည့် အခြေအနေကို ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ လက်တွေ့မကျသည့်ဆုံးဖြတ်မှု၊ ဆောင်ရွက်မှုများကို လုပ်ဆောင်သည့်အခါ
မိမိတို့ လိုချင်သည့် မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက် ပန်းတိုင်ကိုရောက်မည်
မဟုတ်ပါ ကြောင်း။
လက်တွေ့အကောင်အထည်ဖော်သည့်နေရာတွင် အစုအဖွဲ့
တစ်ဖွဲ့ချင်းစီက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကောင်းစားရေးအတွက်
UPDJC ၏ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြန်ရန် UPDJC အဖွဲ့ဝင် တစ်ဦးချင်းစီတွင် လည်းကောင်း၊
တစ်ဖွဲ့ချင်းစီတွင်လည်းကောင်း တာဝန်ရှိသည့်အတွက် အတူတကွ ပူးပေါင်းပြီး အေးချမ်းသည့်နိုင်ငံတော်ကြီး
တည်ဆောက်နိုင်ရန် ကြိုစားဆောင် ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု
ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဆုံးဖြတ် ချက် ၉ ချက်နှင့် မှတ်တမ်း
၈ ချက်ကို အောင်မြင်စွာရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်တွင် မဖြစ်မနေသွား
ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆုံးဖြတ်ချက် အတော်များများ ချနိုင်ခဲ့ပါ
ကြောင်း၊ လာမည့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး
မတိုင်မီ လုပ်ဆောင်ရန်ကိစ္စ များစွာကို ယခုအစည်းအဝေးက ချမှတ်နိုင်ခဲ့သည့် ဆုံးဖြတ်ချက်များ
နှင့် မှတ်တမ်းများက အထောက်အကူများစွာ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။
UPDJC အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ
၂၉ ရက်အထိ ၂ ရက်ကြာပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့် ပုံစံ(Structure)၊
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ၊ လူမျိုး အလိုက် ကျင်းပသော
အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ ဒေသအလိုက် ကျင်းပသော အမျိုးသား
အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာ အလိုက်ဆွေးနွေး သော အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ
လုပ်ငန်းလမ်းညွှန်၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူး အဖွဲ့ လုပ်ငန်းလမ်းညွှန်၊
လုပ်ငန်းကော်မတီများ လုပ်ငန်း လမ်းညွှန်၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမ အကြိမ် အမျိုးသားအဆင့်
နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ဆွေးနွေးမည့် ခေါင်းစဉ်ခွဲများကို ဆွေးနွေးခဲ့ကြသည်။
ယခု အစည်းအဝေးအပြီးတွင် ဆုံးဖြတ်ချက်
( ၉ ) ချက်နှင့် မှတ်တမ်းတင်မှု( ၈ ) ချက်ရရှိခဲ့ကြောင်းနှင့် "အမျိုးသား အဆင့်
နိုင်ငံရေးဆွေးနွေးပွဲ" များကို အဆင်သင့်ဖြစ်သည့် တိုင်းဒေသကြီး ပြည်နယ်များတွင်
စတင်ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment