Tuesday, October 4, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  အောက်တိုဘာ ၎

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က အတည်ပြုပြီး ဖြစ်သည့် “အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”ကို မှတ်တမ်း တင်ခဲ့သည်။


နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော “အငြင်းပွားမှု ဖျန်ဖြေရေးလုပ်ငန်းစဉ် ဆိုင်ရာ အာဆီယံ ပဋိညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြု ၀င်ရောက်ရန်” ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အငြင်းပွားမှု ဖျန်ဖြေရေးလုပ် ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိညာဉ်စာတမ်း နောက်ဆက်တွဲ စာချုပ်ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၂၀၁၀ခုနှစ် ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ် ရေးထိုးခဲ့ကြပါကြောင်း။

ယခုနောက်ဆက်တွဲ စာချုပ်ကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ဘရူနိုင်းဒါရု ဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံနှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှ အတည်ပြုဝင်ရောက် ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ အတည်ပြုရန် ကျန်ရှိနေပါကြောင်း၊ အတည်ပြုဝင်ရောက်ရန် ကျန်ရှိသည့်နိုင်ငံများ အနေဖြင့် ယခုစာချုပ်ကို အတည်ပြုနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံး လုပ်နည်းများကို ပြီးစီးအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယ၀န်ကြီးက အဆိုပါ စာချုပ်သည် အာဆီယံနိုင်ငံ အချင်းချင်း အငြင်း ပွားမှုများဖြစ်ပွား လာပါက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး၊ အာဆီယံပြည်သူများနှင့် အဖွဲ့ဝင် နိုင်ငံများအားလုံး ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်ရေး၊ အာဆီယံ ပဋိညာဉ်စာတမ်းနှင့် အခြား အာဆီယံ စာချုပ်စာတမ်းများကို အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာ နိုင်သည့် အငြင်းပွားမှု ပြဿနာများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် ယန္တရားများ ကိုပြဋ္ဌာန်းထားခြင်းဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အတည်ပြုချုပ် ဆိုရန် လိုအပ်သည့် စာချုပ်ဖြစ်ပါကြောင်း။

ယခု နောက်ဆက်တွဲစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကန့်ကွက်ရန် မရှိကြောင်း သဘောထားမှတ်ချက်များ ရရှိပြီးဖြစ်သည့်အပြင် စီးပွားရေးရာ ကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်များလည်း ရရှိပြီးဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အငြင်းပွားမှု ဖျန်ဖြေရေး လုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိ ညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်ကို အတည်ပြုဝင်ရောက်ခြင်းဖြင့် ဒေသတွင်း ယုံကြည်ကိုးကားထိုက်သော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဖော် ဆောင်နိုင်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းသာယာ၍ တိုးတက် ကောင်းမွန်သည့် အာဆီယံ အသိုက်အ၀န်း တည်ဆောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သည့် ၀န်းကျင်တစ်ခုကို ထိန်းသိမ်းတည်တံ့စေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပဋိပက္ခ ဖြစ်ပွားခြင်း၊ ထိပ်တိုက်တွေ့ဆုံခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးရေးအတွက် ကူညီပံ့ပိုးပေးနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


လွှတ်တော်နာယက က ယင်းပဋိညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၆ ရက်တွင် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ဆွေးနွေး လိုသည့် ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးကြေညာသည်။ 

No comments:

Post a Comment