Tuesday, October 4, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကယားပြည်နယ်ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၎

ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာတွင် ရရှိမည့် အကျိုးအမြတ်များကို ဒေသခံ ပြည်သူများ အနေဖြင့် သွယ်ဝိုက်အကျိုးကျေးဇူးများ သာမက တိုက်ရိုက် အကျိုးကျေးဇူး ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကယား ပြည်နယ်ရှိလူထု အခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ် သန်းထွဋ်၊ ဒေါက်တာ ထွန်းနိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ကယား ပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိ ကြသည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ်  ဦးအယ်လ်ဖောင်ရှိုး နှင့်အတူ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ လူထုအခြေပြု ခရီးသွား လုပ်ငန်းတွင် တစ်ခု အပါအ၀င်ဖြစ်သည့် ထီးပွင့်ကန်သို့ သွားရောက် ကြည့်ရှု လေ့လာသည်။

အဆိုပါ ထီးပွင့်ကန်သည် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီး ငွေတောင် ဆည်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီးအလျား ၂၂၇ ပေ၊ အနံ ၁၁၅ ပေရှိ၍ ရွံ့နုန်းမြေ များဖြင့် ထီးပွင့်သဏ္ဍာန် ရေပြင်ပေါ်သို့ ပြူတက် တည်ရှိသည်။ ထီးပွင့်ကန်သည် ဘူမိဗေဒ သဘော အရ မြေပြင်အနီးကပ် ဖြစ်ထွန်းလာသည့် မီးတောင်ဟောင်း ဖြစ်ပြီးချော်ခဲများတွင် ထုံးဓာတ်များများ ပါရှိသည်။ ထိုချော်ခဲတုံးနှင့် ရေထိတွေ့သည့်အခါ အခိုးထွက်လာပြီး သဲနုန်းများ ပါဝင်၍ တဖြည်းဖြည်း ရေပြင်ပေါ်တွင် ထီးသဏ္ဍန် ဖြစ်ပေါ်လာကြောင်း သိရ သည်။

ထို့နောက် ဒုတိယ သမ္မတ နှင့် အဖွဲ့ဝင်များသည် တနှီးလာလဲကျေးရွာ အနီးရှိ ကန်ခုနစ်ဆင့်သို့ ရောက်ရှိကြရာ ဖိုးဗျားခန်းမ၌ ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းအဖွဲ့ဝင် ကျေးရွာဥက္ကဋ္ဌ ဦးတီရယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တနှီးလာလဲလေ့လာရေး ခရီးစဉ်၌ ကယားတိုင်းရင်းသား ရိုးရာ ချည်မျှင် ထုတ်လုပ်ငန်းနှင့် ရိုးရာဓလေ့ထုံးတမ်းများ ပြန်လည်ဖော်ထုတ် တင်ဆက်နေမှု၊ ရပ်ရွာ ဓလေ့ဖြစ်သည့် တောလိုက်ခြင်း၊ ရိုးရာတံခွန်တိုင်လွှင့်ထူခြင်း ကြက်ရိုးထိုးခြင်းတို့ကို ခရီးသွားများအား ဆွဲဆောင်နေမှု၊ International Trade Center(ITC)၏ အကူအညီဖြင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကို သင်တန်းများ ပို့ချပေးနေမှု၊ ဒေသဆိုင်ရာခရီးသွား ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနေမှု၊ ဘာဒိုကျေးရွာတွင် သဘာဝ အခြေခံခရီးသွား လုပ်ငန်းနှင့် လူထု အခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်နေမှုများကို ရှင်းလင်းတင်ပြကြ သည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ခရီးသွား လုပ်ငန်းဖြင့် ဒေသ၏ ရိုးရာယဉ်ကျေးမှု  အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကန်ခုနှစ်ဆင့် ရေကန် အနီးရှိ တောတောင်များကို စဉ်ဆက်မပြတ် သဘာဝအတိုင်း တည်ရှိနေရန် ဒေသခံ ပြည်သူများနှင့် အတူလက်တွဲ ထိန်းသိမ်း စောင့်ရှောက်သွားရမည် ဖြစ်ပါကြောင်း၊ လူထု အခြေပြု ခရီးသွားလုပ်ငန်း၏ သဘော သဘာဝကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနား လည်အောင် ပညာပေး ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ တက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းမှသည် လုပ်ငန်းများ ပိုမိုအောင်မြင် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတသည် ဖိုးဗျားခန်းမအတွင်းရှိ ကယား တိုင်းရင်းသားရိုးရာ ချည်မျှင်ထုတ်လုပ်ငန်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ ဖိုးဗျားရိုးရာအိမ်၊ ကန်ခုနှစ်ဆင့် တို့ကို လှည့်လည် ကြည့်ရှုလေ့လာသည်။

ကယားပြည်နယ်သို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ပြည်ပခရီးသွား ဧည့်သည် ၃၉၈၆ ဦး ၀င်ရောက်ခဲ့ပြီး လိုင်စင်ရ ဧည့်လမ်းညွှန်နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် စုစုပေါင်း ၂၃၄ ဦးရှိသည်။ ကယားပြည်နယ်၌ တောင်ကွဲစေတီ၊ မြို့နာမ် စေတီ၊ ကန္ဒရ၀တီ ဟော်နန်း၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ထီးစဲခါးရေတံခွန်၊ လောပီတ လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ ကြတ်ဂူ၊ နောင်ယားကန်၊ ပန်ပက် ကျေးရွာနှင့် တနှီးလာလဲ ကျေးရွာ ခရီးစဉ်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဒီးမောဆိုမြို့နယ် ပန်ပက် ကျေးရွာသို့ ရောက်ရှိပြီး ကယန်း(ပဒေါင်) တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍  ရိုးရာ လက်မှု လုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှု အကများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဒေသခံ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယ သမ္မတက ဒေသခံ တိုင်းရင်းသားများ၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လိုအပ်ချက်များကို ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားပြီးကျေးရွာ ယဉ်ကျေးမှုအဖွဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။

ထို့နောက် ဒုတိယသမ္မတသည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင် ဆည်ကို သွားရောက် ကြည့်ရှုလေ့လာသည်။

ငွေတောင်ဆည်ကို ၁၉၆၂ ခုနှစ်တွင် ငွေကျပ် ၂၀ ဒသမ ၁၇ သန်းအကုန်အကျခံ၍ မြေသားတမံ အမျိုးအစားအဖြစ်  တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လယ်ယာမြေဧက ၅၈၇၇ ဧကကို ဆည်ရေပေးဝေနိုင်ခဲ့သည်။

ညနေပိုင်းတွင် ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ အရှေ့ဘက် (၁၀)မိုင် အကွာတွင် တည်ရှိသည့် ထုံးကျောက် သဘာဝလှိုင်ဂူသို့ သွားရောက် ကြည့်ရှု လေ့လာသည်။


ညပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကယားပြည်နယ် ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment