Tuesday, October 4, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၄၂ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  အောက်တိုဘာ ၎

လိုအပ်သည့် စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိသည့် လုပ်ငန်းဖြစ်ပါက ပုဏ္ဏားကျွန်းမြို့နယ်တွင် စပါးစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတော် ဘဏ္ဍာငွေမှ ကျခံ၍ဖြစ်စေ၊ နိုင်ငံတကာ မိတ်ဘက် အဖွဲ့အစည်းများထံမှ ငွေကြေးအကူအညီ အထောက်အပံ့များ ရယူ၍ဖြစ်စေ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောကြားသည်။


ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၄၂ ရက် မြောက်နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်“ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် သို့မဟုတ် အခြားဘဏ်များ၏ ကူညီ ထောက်ပံ့ငွေ သို့မဟုတ် ချေးငွေဖြင့် အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း ကဲ့သို့သော စီမံကိန်းများ အကောင်အထည် ဖော်ရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယ၀န်ကြီးက ပုဏ္ဏားကျွန်းမြို့နယ်တွင် ရေချိုထိန်းသိမ်း သိုလှောင်ပြီး သောက်သုံးရေ ပေးဝေနိုင်ရေးအတွက် ခမီးကြိမ်ချောင်း ရေလှောင်တမံကို တည်ဆောက် ခဲ့ပြီးဖြစ်သည့်အပြင် တန်ခိုးရေငန်တားတာ၊ မက္ကလာကျ ရေငန်တားတာ၊ အထုပ်သည် လယ်သမားတာ၊ မဒေသာ လယ်သမားတာ၊ ဆင်အင်းကြီး လယ်သမားတာများ ပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း တံဘက်လှမ်းလယ်သမားတာ၊ ခမောင်းတော လယ်သမားတာနှင့် ကျောက်ဆိပ်ပြင် လယ်သမားတာတို့ကို ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပဒေသာချောင်း၊ တောက်တဲ့ချောင်း၊ တန်ခိုးချောင်း နှင့် အိုင်ဒင်ချောင်းများ ဖြတ်သန်းစီးဆင်းနေသော ရပ်ဝန်းတွင် ကမ္ဘာ့ဘဏ်အကူ အညီဖြင့် အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများကဲ့သို့ ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်း သဘောသဘာဝအရ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်မည်ဖြစ်သည့်အတွက် လိုအပ်သည့် စူးစမ်းလေ့လာမှု များကို အနည်းဆုံး သုံးနှစ်ခန့် အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိပါက ဒီဇိုင်းပြုတွက်ချက်ကာ လိုအပ်သည့်ရန်ပုံငွေကို တင်ပြ၍ နိုင်ငံတော် ဘဏ္ဍာငွေမှ ကျခံ၍ဖြစ်စေ၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဘက်အဖွဲ့ အစည်းများထံမှ ငွေကြေးအကူအညီ အထောက်အပံ့များ ရယူ၍ဖြစ်စေ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ “ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ရတန အုပ်စုနှင့် ခြုံဆွယ်အုပ်စုတွင်ရှိသည့် ကျိုးပေါက်နေသော တာတမံများကို ဆားငန်ရေ မ၀င်ရောက်နိုင်စေရန် ပြည်ထောင်စု ဘတ်ဂျက်ငွေဖြင့် သင်္ဂနက်ကျွိန် တောင်နှင့် လကွက်တောင်တို့ကို သွယ်တန်း၍ ဆည်ဖို့ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက ကျောက်ဖြူမြို့နယ် ရတနအုပ်စုနှင့် ခြုံဆွယ်အုပ်စုရှိ ကျိုးပေါက်နေသော လယ်သမားတာ စုစုပေါင်း (၄၃)ခုကို ပြန်လည်ပြုပြင်နိုင်ရေး အတွက် သင်္ဂနက်ကျွိန်တောင်မှ လကွက်တောင်အထိ အလျားပေ ၉၈၀၀ နှင့် လကွက်တောင်မှ ရွာသင်္ဘောဆိပ်တောင်အထိ အလျားပေ ၁၆၀၀၀ ဆည်ဖို့ဆောင်ရွက်ရန် လိုအပ်သဖြင့် အကျယ် ၃၁၉ ပေ၊ ပျှမ်းမျှအနက် ပေ ၂၀ ရှိ တိန်ချောင်းကို ပိတ်ဆို့ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ထို့ပြင် ရေထုတ်နုတ်နိုင်ရန် ကွန်ကရစ်ရေတံခါး လေးလုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဧရိယာ ၃၉၀၀ ဧက ခန့်ကို  ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေ ရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ “ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိသော င၀ွက်စွယ်ကျွန်းကို ရေငန်တား တမံ အသစ်တစ်ခု ဆည်ဖို့ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န် ကြီးက င၀ွက်ဆွယ်ကျွန်းအား ရေငန်တားတမံ အသစ်တစ်ခုဆည်ဖို့ပေးရန် ဖြစ်မြောက် နိုင်စွမ်း အကြိုကွင်းဆင်းစစ်ဆေးမှု၊ မြေပြင်တိုင်းတာမှု၊ ဒေသန္တရဆိုင်ရာ စူးစမ်းလေ့လာမှုနှင့် ခန့်မှန်းကုန်ကျစရိတ် အသေးစိတ် တွက်ချက်မှုများ ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရန်ပုံငွေရရှိရေးလုပ်ငန်း အခြေအနေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလုပ်ငန်းကို ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်းနှင့် အသေးစိတ်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ဦးစားပေးအလိုက် ထည့်သွင်းတင်ပြ၍ ရန်ပုံ ငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်(ခ) ဦးကိုလတ်၏ “ရှမ်း ပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ဘဏ်ခွဲအသစ်တစ်ခု ဖွင့်လှစ်မည်ဆိုပါက ဘဏ်ခွဲဖွဲ့စည်း ပုံရရှိရန် လိုအပ်ခြင်း၊ ၀န်ထမ်းအင်အား စုစုပေါင်း၏ သုံးပုံနှစ်ပုံ အင်အားကိုသာ ခန့်ထား ခွင့်ပြုသည့် ကန့်သတ်ချက်ရှိနေခြင်း၊ ရုံးအဆောက် အဦလိုအပ်ခြင်း၊ ရန်ပုံငွေလိုအပ်ချက်ရှိခြင်း စသည့် အကန့်အသတ်များ ရှိနေပါသဖြင့် လောလော ဆယ်တွင် ရပ်စောက် မြို့နယ် ဘဏ်ခွဲအသစ်တစ်ခု ဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ဥပဒေကြမ်း ကော်မတီဝင် ဦးဆန်းမြင့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံ စာကို ဖတ်ကြားရှင်းလင်း သည်။


လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် အမျိုးသားလွှတ်တော် ဒုတိယပုံ မှန်အစည်းအဝေး ၄၃ ရက်မြောက်နေ့တွင် ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

No comments:

Post a Comment