Friday, October 28, 2016

ဇေယျသုခ ရေလှူအသင်း စက်ရေတွင်းဖွင့်ပွဲနှင့် အသင်းသို့ လှူဒါန်းမှု အစုစုတို့အား ရေစက်ချ

သာစည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ ဇေယျသုခ ရေလှူအသင်း စက်ရေတွင်းဖွင့်ပွဲနှင့် အသင်းသို့ လှူဒါန်း မှု အစုစုတို့အား တရားနာရေစက်ချအခမ်းအနားကိုအောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီကငါးဆူရိပ်သာ ကျောင်းမြောက်ဘက် ဇေယျသုခ ရေလှူအသင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ငါးဆူရိပ်သာကျောင်းတိုက်၌ ငါးဆူဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယဘဒန္တပဏ္ဍ၀အား ကံထပ် မင်္ဂလာပြုလုပ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Grand Royal Group Co.,Ltd မိသားစုနှင့် အခြားအလှူရှင်များက လှူဒါန်းသော စက်ရေတွင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရေသယ်ယာဉ် များနှင့် မြေနေရာလှူဒါန်းမှု အစုစုတို့အား ရေစက်ချ တရားနာယူကြသည်။

ထို့နောက်ဖွင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ဇေယျမင်္ဂလာ(၁) တွင်မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ Grand Royal Group Co.,Ltd မှ Board of Director ဦးတင်ဦးနှင့် ဇေယျသုခ ရေလှူအသင်း အတွင်းရေးမှူးဦးမြင့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အမှာစကား ပြောကြားပြီး ဒါရိုက်တာ ဦးတင်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ဇေယျသုခ ရေလှူအသင်း နာယက ဦးဟန်ခင်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ဇေယျမင်္ဂလာ(၂)ကို ညွှန်ကြားရေးမှူးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်နှင့် အသင်းတည်ဆောက်ရေး ဥက္ကဋ္ဌ ဦးလှမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဇေယျသုခရေလှူအသင်းသည် အယ်နီညိုရာသီဥတုကာလအတွင်း ကျေးရွာပေါင်း (၃၉)ရွာနှင့် မြို့ပေါ် ရပ်ကွက်(၂)ခုတို့အား သောက်ရေဂါလံပေါင်း (၂၂၀,၀၀၀) ကို အလှူရှင်များ ပါဝင်မှုဖြင့် လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment