Monday, October 31, 2016

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေး ကျင်းပ


နေပြည်တော် အောက်တိုဘာ  ၃၁
ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က အမှာစကားပြောကြားရာ၌  ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများ ကြောင့် အစိုးရ၏ငွေလုံး ငွေရင်း အသုံးစရိတ်များ အပြောင်းအလဲ ရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့် အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှု အချို့ရှိခဲ့ပါ ကြောင်း၊ ယနေ့ ကမ္ဘာ့ စီးပွားရေးအခြေအနေသည် တိုးတက်မှုနှေးကွေးနေသည့် အတွက် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က တိုက်တွန်းထား သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးမှု အကျိုးဆက်ကြောင့် ကုန်သွယ်မှုနယ်ပယ်တွင် တိုးတက်မှုများ နှေးကွေးလာသည်ကို လည်း သိရပါကြောင်း။
လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရို စီးပွားရေးအခြေအနေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)သည် ခန့်မှန်းထားသည် ထက် လျော့နည်းနိုင်ပြီး စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရပါကြောင်း။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေး တန်ဖိုးများအပေါ် ရိုက်ခတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် ငြိမ်မှုများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ နှစ်အဆက်ဆက် ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေရေး ကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပါကြောင်း၊ အသေးစား နှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် ဆက်လက်ဆောင်ရွက် နေပြီဖြစ်ပါ ကြောင်း၊ တစ်ဘက်တွင်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးကြပ်တည်းနေသည့် ယခု အချိန်တွင် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့်ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှု မြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော  ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းတင်ပြကြသည်။
ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန် နေကြပါကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ရန် အစိုးရဌာန ဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန် အရေးကြီးပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို ကိုင်တွယ်သုံးစွဲကြ ရာတွင် ပြည်သူ့အကျိုးအတွက် စနစ်တကျရှိကြ ရန်လိုအပ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံ တင်ပြခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြရန် မှာကြားလိုကြောင်း ပြောကြား သည်။ 

No comments:

Post a Comment