Monday, October 24, 2016

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့်သက်ဆိုင်သော စိန်ခေါ်မှုများကို နိုင်ငံတကာ ပူးပေါင်းမှုများမှ တစ်ဆင့် ကုလသမဂ္ဂကို အခိုင်အမာထောက်ခံပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ
(နေပြည်တော်၊ မြန်မာ၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ကုလသမဂ္ဂသည် လွန်ခဲ့သော နှစ်ပေါင်း (၇၀)ကျော်ကပင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်း သိမ်းရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းပကားကို ပေါင်းစည်းပေးသည့် အထင်ကရ အဖွဲ့အစည်းတစ်ခုအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ ကုလသမဂ္ဂ၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာပြည်သူလူထုကိုယ်စား မိမိအနေဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။

ကုလသမဂ္ဂစနစ်၏ မူဘောင်အောက်တွင် အမျိုးမျိုးသော ဆွေးနွေးပွဲများ၌ အဖွဲ့ဝင်နိုင်ငံများစုစည်း၍ အငြင်းပွား မှုများကို ငြိမ်းချမ်းစွာ အဖြေရှာခြင်း၊ ငြိမ်းချမ်း ရေး သံတမန်များ စေလွှတ်ခြင်း၊ လူသားကြောင့်ဖြစ်သော ကပ်ဘေးများနှင့် သဘာဝ ဘေးအန္တရာယ်ဒဏ်ခံရသည့် ကမ္ဘာ့ပြည်သူများအတွက် ခိုလှုံမှုပေးခြင်း၊ လူ့အခွင့် အရေးကာကွယ်မြှင့်တင်ခြင်းနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အကူအညီ များပေးခြင်းတို့တွင် ထူးခြားသောအောင်မြင်မှု များ ရရှိလျက်ရှိပါသည်။
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက် အမှီသဟဲပြုနေပါသည်။ ငြိမ်းချမ်းရေး မရရှိဘဲ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပါ။  ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေးမ တည်မြဲနိုင်ပါ။ ဆင်းရဲနွမ်းပါးမှုကိုအမြစ်ပြတ် သုတ်သင်နိုင်ရေးသည် ယနေ့ကြုံတွေ့နေရသော စိန်ခေါ်မှုအများ အပြားအား ဖြေရှင်း နိုင်မည့်နည်းလမ်းများ အနက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက် မပြတ်ဖွံ့ ဖြိုးရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်သည် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ အတွက် ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်နေပါသည်။ ယနေ့အချိန်အခါတွင် ကုလသမဂ္ဂသည် အားလုံးအတွက် ပိုမိုငြိမ်းချမ်း၍ သာယာ ၀ပြောသော ကမ္ဘာကြီးတစ်ခု၊ ပိုမိုကြင်နာ၍ မေတ္တာတရားပြည့်ဝသော အိမ်ဂေဟာ တစ်ခု ဖြစ်စေလိုသော မိမိတို့၏မျှော်လင့်ချက်များရှိရာ အသိုက်အမြုံတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။
ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အသိုက်အဝန်း၏ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုလသမဂ္ဂကို အခိုင်အမာထောက်ခံပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟု သန္နိဋ္ဌာန်ချမှတ်ထားပါသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့်မူဝါဒများအပေါ် မိမိတို့၏ ယုံကြည်မှုများကို ထပ်လောင်း အတည်ပြုရင်း ဤထူးမြတ်သည့် နေ့ရက်အခါသမယကို ဆင်နွှဲကြပါစို့။ လူသားအားလုံးအတွက် ပိုမိုကောင်း မွန်သော အနာဂတ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ဖွံ့ ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြပါစို့။

No comments:

Post a Comment