Saturday, October 1, 2016

စာနယ်ဇင်း၏ ဂုဏ်သိက္ခာနှင့်အရှိန်အဝါကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် သတင်းမီဒီယာကောင်စီ လိုအပ်



ရန်ကုန် - အောက်တိုဘာ ၁
သတင်းသမား(သို့မဟုတ်) စာပေအနုပညာသမားများ အနေဖြင့် ပင်ကိုယ် သဘာဝအရ လွတ်လပ်ခွင့်ကိုအလွန်မြတ်နိုးကြောင်း၊  စာနယ်ဇင်းသမားများ၏ လွတ်လပ်စွာရေးသားခွင့်နှင့် လွတ်လပ်ခွင့်အတွက် အကာအကွယ်ရှိရန် လိုအပ်သည် ဟု လက်ခံယုံကြည်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောကြားသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံး၌  ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် များနှင့် တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စာနယ်ဇင်းသမားများအနေဖြင့်   လွတ်လပ်စွာ ရေးသားခွင့်ရှိသော်လည်း ထိခိုက်နစ်နာမှုများကို ကာကွယ်ရန်လိုအပ် ကြောင်း၊   လွတ်လပ်စွာ ရေးသားခွင့်နှင့် ရေးသားမှုများအတွက် တာဝန်ယူမှုလည်း ရှိရ မည်ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကောင်စီအနေဖြင့်  လွတ်လပ်မှုကို သုံးစွဲသည့်အခါ တာဝန်သိစွာသုံးစွဲရန်အတွက် ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ စာနယ်ဇင်း၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်  သတင်းမီဒီယာ ကောင်စီသည် လိုအပ်ပါကြောင်းနှင့် ရှိသင့်သည်ဟု ယခင်ကတည်းက ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+မိုး) ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး   တွဲဖက်အတွင်းရေးမှူး(၁) ဒေါ်သင်းသင်းသာက ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် သတင်းမီဒီယာများမှ အယ်ဒီတာများတွေ့ဆုံ ဆွေးနွေးခဲ့သော အယ်ဒီတာဖိုရမ်မှ ရလဒ်များကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးကျော်စွာမင်းက ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်သံနှင့် ပုံနှိပ်မီဒီယာများမှ သတင်းထောက်များနှင့်တွေ့ဆုံဆွေးနွေးသည့် Access to Information Workshop  မှ ရလဒ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဟန်ညွန့်က နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲရလဒ်များကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက နေပြည်တော်တွင်ကျင်းပမည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အစိုးရဌာနများမှ ပြောခွင့်ရပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးမည့် workshop ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မဇ္ဈိမမီဒီယာဂရု(ပ်) အမှုဆောင်အရာရှိချုပ် ဦးစိုးမြင့်က မီဒီယာ ဖွံ့ဖြိုးမှုမူဝါဒနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူ များက ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
 တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက   ဝန်ကြီးဌာနများနှင့် မီဒီယာထိတွေ့မှုအတွက်  သတင်းစာရှင်းလင်းပွဲများလည်း ကျင်းပပေးခဲ့ကြောင်း၊  ပြောရေးဆိုခွင့်ရှိသူစနစ် အားကောင်းရန် ပြန်လည်ဖွဲ့စည်းရေး ကြိုးစားနေကြောင်း၊ ပြောရေးဆိုခွင့်ရှိသူများကို မူဝါဒများအသိပေးထားသင့်ကြောင်း၊  မီဒီယာဖွံ့ဖြိုးမှု မူဝါဒ ကိုလည်း လက်ခံကြောင်း၊ မီဒီယာဖွံ့ဖြိုးမှု မူဝါဒနှင့်ပတ်သက်ပြီး တဖြည်းဖြည်း တည်ဆောက်ရမည့်အပိုင်းဖြစ်ကြောင်း၊ အပြန်အလှန် ပူးပေါင်းညှိနှိုင်းသွားလျှင် ရနိုင် မည်ဟု မျှော်လင့်ကြောင်း  ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

No comments:

Post a Comment