Saturday, October 1, 2016

မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာန နှစ်(၅၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁
မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာန နှစ်(၅၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဂုဏ်ပြု အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံပညာရေးသုတေသန ဗျူရို မပေါ်ပေါက်မီ ၁၉၅၅ ခုနှစ်မှစပြီး  ပညာညွှန်ကြားရေးဝန်ရုံး၏အောက်တွင် ပညာရေုးသုတေသနဌာနခွဲ တည်ရှိခဲ့ပါကြောင်း၊  ၁၉၆၆ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ပညာရေး သုတေသနဗျူရိုသည် မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့၊ မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန အဖြစ်သို့ အဆင့်ဆင့်တိုးမြှင့်ဖွဲ့စည်းလာခဲ့ ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ(၁)ရက်တွင် နှစ်(၅၀)တင်းတင်းပြည့်ပြီဖြစ်၍ နှစ်(၅၀)ပြည့် အထိမ်း အမှတ်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပညာရေးသုတေသန  ဦးစီးဌာန၏ အရေးအကြီးဆုံးဆောင်ရွက်မှုများအဖြစ် ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ပညာရေးသုတေသန ဥပဒေကို ရေးဆွဲခဲ့ပါကြောင်း၊ မြန်မာနိုင်ငံပညာရေးသုတေသန ဦးစီးဌာနက ဦးစီးဦးဆောင်ပြုပြီး စာမတတ်သူပပျောက်ရေးလုပ်ငန်းကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုကြောင့် ယူနက်စကိုအဖွဲ့ချုပ်ကချီးမြှင့် သည့် မိုဟာမက်ရီဇာဖာလာ ဗီဆုကို ၁၉၉၁ ခုနှစ်တွင် လည်းကောင်း၊ နိုမာဆုကို ၁၉၈၃ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေး ဥပဒေနှင့် ပညာရေးမြှင့်တင်မှု အစီအစဉ်များဖြစ်ပေါ်လာရေးအတွက် ကနဦးအစ လုပ်ငန်းဖြစ်သည့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေး လုပ်ငန်း(Conprehensive Education Sector Review-CESR)ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစပြီး KG+12 အတန်းစဉ်၏ အစဖြစ်သည့် KG တန်း(သူငယ်တန်း)ကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေး နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပညာရေး အထောက် အကူပြု ပညာရေးသတင်းလွှာ အပါအ၀င် စာအုပ်၊ စာတမ်း၊ စာစောင်များကို စဉ်ဆက်မပြတ် ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်သကဲ့သို့ ပညာရေးအထောက်အကူပြုဇာတ်လမ်း များ၊ တေးသီချင်းများ၊ ပညာရေးစကားဝိုင်းများကိုလည်း ရိုက်ကူးပြီး ရုပ်မြင်သံကြားဌာန အသီးသီးမှတစ်ဆင့် ပြည်သူလူထုထံသို့ ထုတ်လွှင့်ပြသနိုင်ခဲ့ပါကြောင်း၊ ပညာရေး ဆိုင်ရာသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများကိုလည်း နေ့စဉ်ထုတ်သတင်းစာ များတွင် ရေးသားဖော်ပြပေးနေသည်ကိုလေ့လာတွေ့ ရှိရပါကြောင်း။ 
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းများပေးနိုင်သည့် မြန်မာနိုင်ငံပညာရေးသုတေသနဗျူရိုမှ မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာန အထိ အဆင့်အသီးသီးတွင် နှစ်(၅၀) တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်းများ၊ အမှုထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ညွှန်ကြားရေး မှူးချုပ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာဆရာကြီး ဦးသန်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာ နိုင်ငံ ၀ိဇ္ဇာသိပံ္ပပညာရှင်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment