Thursday, October 27, 2016

ရေလယ်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့မှုများ ဆောင်ရွက်လျက်ရှိ

ကြံခင်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျသည့်အတွက် မြစ်ကမ်းပါးနှင့်နီးသည့် အန္တရာယ်ရှိသည့် အဆောက်အဦများအား အောက်တိုဘာ ၂၇ ရက်နံနက်က ပြောင်းရွှ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။



ရေလယ်ကျွန်းကျေးရွာသည် နှစ်စဉ်ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများပြိုကျသဖြင့် လူနေအိမ်များ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ယခုအခါ မြစ်ကမ်းပါးပြိုကျမှု မြန်ဆန်၍ မြေပြိုမှုများပြားလာသဖြင့် ယနေ့နံနက်ပိုင်းတွင် ရေလယ်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် မူကြိုကျောင်း ၁ ကျောင်းကို ပြောင်းရွှေ့လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ကပြောကြားခဲ့သည်။ မြစ်ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ကျေးလက်ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ပြောင်းရွှေ့ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါမြစ်ကမ်းပါး ပြိုကျရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြောင်းရွှေ့ရန်လိုအပ်သည့် အဆောက်အဦးများကို ပြောင်းရွှေ့ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment