Monday, October 31, 2016

အဆင့်မြင့်စက်ချုပ်သင်တန်း(၄/၂၀၁၆) ဆင်းပွဲ ကျင်းပ


ဒီးမော့ဆို အောက်တိုဘာ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူ နိုင်စေရန်အတွက် အဆင့်မြင့် စက်ချုပ်သင်တန်း (၄/၂၀၁၆) ဆင်းပွဲကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ရွှေယောက်ရပ်ကွက်တွင် ကျင်းပသည်။








သင်တန်းဆင်းပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစကိုက အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က မြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကာလအတွင်း ပထမ၊ ဒုတိယ၊ တတိယရရှိသော သင်တန်းသူများကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေတို့က ဆုများချီးမြှင့်ပြီး သင်တန်းသူများ ပြုလုပ်ထားသော ပစ္စည်းများကို တာဝန်ရှိသူများက သင်တန်းသူများထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် သင်တန်းဆင်း လက်မှတ်များကို မြို့နယ်ဦးစီးမှူးက ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက သင်တန်းသူများ လက်တွေ့ ပြုလုပ်ဆောင်ရွက်လျက်ရှိသော ရင်ဖုံး၊ ဖြတ်ဆက် ဘလော(စ်)၊ ဖြတ်ဆက် နောက်ခွဲ၊ သုံးလွှာ၊ လေးလွှာ စကဒ်၊ ဘောင်းဘီနှင့် ရှပ်လက်ရှည်/တို၊ ပန်းဆိုင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment