Monday, October 31, 2016

ပုလဲမြို့နယ်တွင် တရားမဝင်သစ်ပိတောက်တုံး ၉၅ တုံးနှင့် မော်တော်ယာဉ်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ပုလဲ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင် သစ်များ ခုတ်လှဲခြင်း သယ်ဆောင်ခြင်း ခိုးယူခြင်းများကို တားဆီးကာကွယ်ဖမ်းဆီးလျက်ရှိရာ အောက်တိုဘာ ၃ဝရက်က တရားမဝင်သစ် ပိတောက်တုံး ၉၅ တုံးနှင့် မော်တော်ယာဉ်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပုလဲမြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးမိုးဟိန်းနှင့် ဝန်ထမ်းများ လဲကန် ရဲစခန်းမှူး ရဲအုပ်ချစ်ဆန်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ခင်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၃ဝ ရက် ညနေ ၃ နာရီ ၃ဝမိနစ်က ခင်အေးကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာ ပုလဲ - ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၆၂မိုင် ၄ဖာလုံနှင့် ၆၂မိုင်၅ဖာလုံကြား ကာလမ်းဘေး၌ မိုးကာခြုံ၍ ရပ်ထားသည့် ယာဉ်အမှတ် ၂ခ/ ၆၁၆၇ နစ်ဆန်း ခေါင်းစိမ်းဘော်ဒီဖြူပြာကြား ၁ဝဘီး မော်တော်ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် တစ်ဦး တစ်ယောက်မျှမရှိဘဲ တရားမဝင်သစ် ပိတောက်တုံး ၉၅ တုံး ( ၁၃ ဒသမ ၇၆ဝ၆ ) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသော တရားမဝင်သစ် ပိတောက်တုံး ၉၅ တုံးနှင့် ၁ဝဘီး
မော်တော်ယာဉ်အား ပုလဲမြို့နယ် ၅၉ မိုင်သစ်တောစခန်းသို့ သယ်ဆောင် ထိန်းသိမ်းထားရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်ဆက်)

No comments:

Post a Comment