Thursday, October 13, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၂၂) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တည်းခိုမည့်နေရာနှင့် ပြိုင်ပွဲကျင်းပမည့် နေရာများ ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁၂

(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ၀န်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တည်းခိုမည့် နေရာနှင့် ပြိုင်ပွဲကျင်းပမည့် နေရာများသို့ လိုက်လံကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်မည့် ရွာတော်စခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက အိပ်ဆောင်များတွင် နေရာချထားမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်ထားမှု၊ ပြိုင်ပွဲဝင်များ အား သတ်မှတ်နေရာများသို့ ပို့ဆောင်နိုင်ရန် ဆောင်ရွက်ထားမှု၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် တည်းခိုရေး စခန်းအတွင်း ပြိုင်ပွဲဝင်များ အတွက် ဆောင်ရွက်ထားရှိသည့် ဆေးခန်းနှင့် စားရိပ်သာတို့ကို လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေသို့ ရောက်ရှိပြီး အဆို၊ အက၊ အတီး ပြိုင်ပွဲများ ကျင်းပမည့် နေရာ များ၌ ပြင်ဆင် ထားရှိမှုများကို လိုက်လံကြည့်ရှုသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယသမ္မတက ပြိုင်ပွဲဝင်များ ၀မ်းလျောဝမ်းပျက်မှု မဖြစ်စေရန် အစား အသောက်များ စစ်ဆေးခြင်း လုပ်ငန်းကို စနစ်တကျ ဆောင် ရွက်ရန်၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေး ဆပ်ကော်မတီ အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ ပြိုင်ပွဲ ကာလအတွင်း လုံခြုံရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်၊ ကြိုဆိုရေးနှင့် ပို့ဆောင်ရေး ကဏ္ဍတွင် ပြိုင်ပွဲဝင်များအား သတ်မှတ်နေရာများသို့ အချိန်မီ ပို့ဆောင်နိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ထားရန် တာဝန်ရှိ သူများအား မှာကြားသည်။

၂၀၁၆ခုနှစ် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နေပြည်တော် ရေဆင်း တက္ကသိုလ်များ နယ်မြေရှိ သတ်မှတ်နေရာ အသီးသီးတွင် အောက်တိုဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment