Wednesday, October 19, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၉)၊ (၂၀)နှင့် (၂၁)တို့အား နိုဝင်ဘာ ၁၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်

နေပြည်တော် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ်
ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄)က လျှောက်ထားခံရသူ ဦးကျော်မြင့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီးလျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးအောင်မျိုးဦးက ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၉/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၉/၂၀၁၆) ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက် (တနင်္လာနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ယင်းအယူခံမှု အတွက် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက်ထားခံရသူ ဦးကိုကိုနိုင်အား ရွေးကောက်တင်မြှောက် ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးထွန်းထွန်းဝင်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၀/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၂၀/၂၀၁၆) ကို၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက် (တနင်္လာနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေ ခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၃)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်အား အဆိုပါ မဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာပေးစေရန် စရိတ်နှင့်တကွ ဆုံးဖြတ် ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူ ဦးလွင်စိုးမင်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၁/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှု အမှတ် (၂၁/၂၀၁၆)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက် (တနင်္လာနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment