Friday, October 28, 2016

လမ်းဦးစီးဌာနမှ ၂၀၁၆-၁၇ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေ ကျပ်သန်း(၁၁၆၉၅.၂၇၄)ဖြင့် လမ်း/တံတား လုပ်ငန်းများ ဆောင်ရွက်မည်


မြိတ် အောက်တိုဘာ ၂၇
၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လျာထားရန်ပုံငွေ ကျပ်သန်း (၁၁၆၉၅.၂၇၄)ဖြင့် လမ်းဦးစီးဌာနမှ မြိတ်မြို့နယ်တွင် လမ်းပိုင်း(၆)လမ်းနှင့် ပေ(၅၀)အောက် RC တံတား (၃၂)စင်း ၊ ရေထုတ်ပေါက် တံတား(၃၇)စင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

လမ်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်  လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားမှုများကို အောက်တိုဘာလ(၂၇)ရက် နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဒေသခံပြည်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက အမှာစကားပြောကြားခဲ့ပြီး လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသူရက ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လျာထားလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာကြသော ဒေသခံပြည်သူများက သိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြ သည်။

လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် လျာထားလုပ်ငန်းများမှာ ပုလော-မြိတ်လမ်းပိုင်း၊ မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်း၊ မြိတ်မြို့ရှောင်ကွင်းလမ်း(ဘုတ်-ဒေါလမ်းပိုင်း)၊ (ဒေါ-ကဘင်းလမ်းပိုင်း) (ဒေါ-မဇောပြင်ကြီး လမ်းပိုင်း)၊ သာရမဲ-ရှောင်တဲ-ကျောင်းတောင်-ဆံလှတောင်လမ်းပိုင်း စုစုပေါင်း လမ်းပိုင်း(၆)လမ်း တွင် AC လမ်း(၈)မိုင်၊ ကတ္တရာလမ်း(၄၂)မိုင်၊ ကျောက်ချောလမ်း(၁)မိုင် နှင့် ပေ(၅၀)အောက် RC တံတား (၃၂)စင်း ၊ ရေထုတ်ပေါက်တံတား(၃၇)စင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သတင်းရရှိသည်။


ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment