Friday, October 28, 2016

ကလေးများစာဖတ်စွမ်းရည်မြင့်မားရေး ပုံပြောပြိုင်ပွဲကျင်းပပေး

ပြည် အောက်တိုဘာ ၂၇
ကလေးများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိရေးနှင့် စာဖတ်စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)တို့ ပူးပေါင်းကျင်းပသော ကလေး ပုံပြောပြိုင်ပွဲကို ပြည်ခရိုင် ပြန်/ဆက်ရုံး ကလေးစာဖတ်ခန်း၌ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြိုင်ပွဲသို့ အောင်မြေသာယာ(မူလွန်)ကျောင်းမှ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများ နှင့် (SVA)၀န်ထမ်းများ စုစုပေါင်း ၄၀ ဦးခန့်တက်ရောက်သည်။




အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးများအား ပြိုင်ပွဲဝင်ပုံပြင်တစ်ပုဒ်ဖတ်ပြသည်။
ယင်းနောက် အဆိုပါဖတ်ပြခဲ့သောပုံပြင်အား ပြိုင်ပွဲဝင်ကလေးငယ်ခြောက်ဦးက တစ်ဦးချင်းအလိုက် အလှည့်ကျ ပုံပြော ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA) ၀န်ထမ်းများက ကလေးများနှင့်အတူ ကဗျာရွတ်ဆို၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲဝင် ကလေးခြောက်ဦးအနက် ပထမ ၊ ဒုတိယ နှင့် တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်းသိရသည်။


မျိုးကျော်ကြီး(ပြန်/ဆက်)

No comments:

Post a Comment