Friday, October 7, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး


နေပြည်တော် အောက်တိုဘာ ၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၈၁)အရ  ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး လွှတ်တော်က မှတ်တမ်း တင်ကြောင်းကြေညာသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးနေမျိုးကျော် အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးမှ အကြီးအမှူးများနှင့် နိုင်ငံ့ဝန်ထမ်းများအားလုံးကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အဆိုတင်သွင်းရာ ၀ါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းက ထောက်ခံဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ၏ သဘောထားဆန္ဒရယူပြီး အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်ကိုယ်စားလှယ် များ၏ ပြည်ပခရီးစဉ်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငြင်းပွားမှုဖြန်ဖြေရေး လုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ၀ါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင် လွင် တို့က ထောက်ခံဆွေးနွေးကြသည်။
ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က အငြင်းပွားမှုဖြန်ဖြေရေး လုပ်ငန်းစဉ် ဆိုင်ရာအာဆီယံ ပဋိညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်သည် အာဆီယံပဋိညာဉ်၏ အခြေအနေအရ ပေါ်ပေါက်လာသည့် စာချုပ်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် သဘောတူညီရမည့် စာချုပ်ဖြစ်ပါကြောင်း၊ နယ်စပ်ရေး ရာပြဿနာများ၊ ကုန်သွယ်ရေးပြဿနာများ၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ၊ ရွှေ့ပြောင်း လုပ်သား ဆိုင်ရာပြဿနာများနှင့် အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများကို အာဆီယံဒေသ အတွင်း၌ မကြာခဏတွေ့မြင်နေရပါကြောင်း၊ ထိုသို့သော ပြဿနာများ ဖြစ်ပွားလာပါ က သံတမန်နည်းဖြင့် နှစ်နိုင်ငံပြောဆိုဖြေရှင်း၍ ပြေလည်နိုင်သော်လည်း မပြေလည်ပါ က ခုံရုံး (သို့မဟုတ်) ကြားဝင်ဖြန်ဖြေသူ လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု စာချုပ်သည် အာဆီယံပူးပေါင်းဆောင်ရွက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆောလျင်စွာ ၀င်ရောက်သင့်ပါကြောင်း၊ စာချုပ်၌ အငြင်းပွားမှုများ တွင်ပါဝင်သော နိုင်ငံများ၏ အခွင့်အရေးများကို ထိပါးခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည် ကို တွေ့ရပါကြောင်း၊ ညှိနှိုင်းမှုများအပြင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် နိုင်ငံများက လိုက်နာရမည်ဟု ပြဋ္ဌာန်းပါရှိကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို သဘောမ တူပါက မည်သို့အဖြေရှာမည်ကို သိလိုပါကြောင်း မေးမြန်းထောက်ခံဆွေးနွေးသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က အာဆီယံ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကြားဝင်စွက်ဖက်မှုမပြု ရေး ပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံများ အားလုံးက လက်ခံထားပါကြောင်း၊ နောက်ဆက်တွဲစာချုပ်၌ ဖြေရှင်းရမည့်ကိစ္စသည် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ဖြန်ဖြေရေးဆုံးဖြတ်ချက်များကို မဖြစ်မနေလိုက်နာရမည့် တာဝန်ဖြစ်ပါကြောင်း။
အငြင်းပွားနေသည့် နိုင်ငံနှစ်နိုင်ငံအနက် နိုင်ငံတစ်နိုင်ငံက ဖြန်ဖြေရေးခုံရုံးမှ ချမှတ်သည့် ဆုံးဖြတ်ချက်ကို သဘောတူလိုက်နာဆောင်ရွက်ခြင်းမရှိလျှင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံညှိနှိုင်းရေးကောင်စီသို့ တင်ပြ တိုင်ကြားနိုင်ပါကြောင်း၊ ထိုမှတစ်ဆင့် အာဆီယံခေါင်းဆောင်များနှင့် အကြီးအကဲများ ပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဆက်လက်တင်ပြပြီး အဆုံးအဖြတ် ခံယူကြရမည်ဖြစ်ကြောင်း၊ အာဆီယံခေါင်းဆောင်များနှင့် အကြီးအကဲများ၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်နိုင်ငံများက မဖြစ်မနေလိုက်နာရန် တာဝန်ရှိပါကြောင်း၊ အငြင်းပွားမှုဖြန်ဖြေရေးလုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိညာဉ်စာတမ်း နောက်ဆက်တွဲ စာချုပ်ဖြစ်ပေါ်လာမည်ဆိုပါက အာဆီယံနိုင်ငံများအတွင်း ဖြစ်ပွားသည့်ပြဿနာများကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသည့်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာချုပ် တွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးရန် သင့်မြတ်ပါကြောင်းနှင့် စာချုပ်သို့ မြန်မာနိုင်ငံ အတည်ပြုပါဝင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပါက ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏အဆုံးအဖြတ် ရယူပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များအပါအ၀င် လွှတ်တော် လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခဲ့သည်။ 

No comments:

Post a Comment