Friday, October 7, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး


နေပြည်တော်  အောက်တိုဘာ ၇
ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်တွင် ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ဘ၀၊ ပြည်သူ့စကားများကို သိရှိအောင်လေ့လာကြရန်၊ ပြည်သူ့အကျိုး စီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသခံ မဲဆန္ဒရှင် ပြည်သူများက ဆောင်ရွက်ပေးစေလိုသည့် အကျိုးပြုလုပ်ငန်းများကို သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က မှာကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၄၅ ရက်မြောက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာ၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်၏ “ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့တွင် တပ်ဆင် ထားသော MPT ဖုန်းများအား တပ်မတော်ပိုင် ဖိုက်ဘာဆက်ကြောင်းမှတစ်ဆင့် မိုက်ခရိုဝေ့ဆက်ကြောင်းအဖြစ် ပြောင်းလဲချိတ်ဆက် ပေးရန်နှင့် GSM ဖုန်းများအား 3G အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း ဆက်သွယ်ရေးကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုး ကောင်းမွန်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ဖိုက်ဘာကေဘယ်ဆက်ကြောင်းအသစ်များ သွယ်တန်းခြင်း၊ GSM မိုဘိုင်းစခန်းအသစ် များတည်ဆောက်ခြင်းနှင့် တယ်လီနောမြန်မာလီမိတက်နှင့် အောရီဒူးမြန်မာလီမိတက် တို့အနေဖြင့်လည်း တာဝါတိုင်များတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ “ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရသေ့ တောင်မြို့နယ်အကြားရှိ ပါဒလိပ်ကူးတို့ကို စက်တပ်ရေ ယာဉ်ဖြင့် ကူးဖြတ်သည့် ကူးတို့အဖြစ် အစိုးရအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက စစ်တွေ မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ ပါဒလိပ်(ကူးတို့) ပြေးဆွဲမှုသည် လက်ရှိ တွင် ရသေ့တောင် သာရေးနာရေးအသင်းမှ စက်လှေကြီးတစ်စင်းဖြင့် ခရီးသည်သီးသန့် ပြေးဆွဲလျက်ရှိရာ တစ်ဦး ကျပ် ၃၀၀ နှုန်းဖြင့် တစ်ရက်လျှင် အခေါက်ရေ ၂၀ ခန့် ကောက်ခံပြေးဆွဲလျက်ရှိပါကြောင်း၊ စစ်တွေ(ပါဒလိပ်) ဆိပ်ကမ်းတွင် လှေကားပါ ကွန် ကရိရေဆင်းတံတားရှိပြီး မုစဲကျွန်းဘက်ကမ်းရှိ စစ်ကိုင်းရွာ ဆိပ်ကမ်းအတွက် သာမန် ရေယာဉ်ဆိုက်ကပ်ရန် တံတားရှိပါကြောင်း။လက်ရှိအခြေအနေအရ စက်တပ်(ဇက်) ရေယာဉ်များ ဆိုက်ကပ်မည်ဆိုပါက ပါဒလိပ် ဆိပ်ကမ်းအနေဖြင့် အခက်အခဲမရှိနိုင်သော်လည်း မုစဲကျွန်းဘက်ကမ်းရှိ တံတားမှာ စက်တပ်(ဇက်)ရေယာဉ်ဆိုက်ကပ်ရန် အခက်အခဲရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနတွင်လည်း စက်တပ်(ဇက်) ရေယာဉ် အမျိုး အစားမရှိပါသဖြင့် ပြေးဆွဲပေးရန် အစီအစဉ်မ ရှိပါကြောင်းနှင့် ပြေးဆွဲလိုသော ပုဂ္ဂလိက ဇက်ရေယာဉ်များရှိပါက ပြေးဆွဲခွင့်ကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်နိုင် ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ “ရခိုင်ပြည်နယ် မောင် တောခရိုင်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်ခွင့်နှင့် ၀ယ်ယူခွင့်ပြု မိန့် ထုတ်ပေးထားသော ကုမ္ပဏီ ရှိ/မရှိနှင့် တရားမ၀င် သစ်ခိုးထုတ်မှုများကို အရေးယူရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ရန်နှင့် ၀ယ်ယူနိုင်ရန် ခွင့်ပြု ထားခြင်းမရှိပါကြောင်းနှင့် အဖိုးတန်သစ်တော သယံဇာတများ တရားမ၀င်ခိုးယူခြင်းများ မရှိစေရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးနှင့် ပြည်သူများ၏ အကူအညီရယူ၍ စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့ အစည်းများဖြင့် စုံစမ်းသိရှိသည့် နယ်မြေများတွင် တရားမ၀င် သစ်ဖမ်းဆီးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးဘေးရှိ အမှတ်(၃) သတ္တု တွင်းဝန်ကြီးဌာနက ဖျက်သိမ်းပြီးဖြစ်သည့် မြေဖြူသန့်စင် စက်ရုံနေရာတွင် နောက်ထပ် လုပ်ငန်းအသစ် ထူထောင်လုပ်ကိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မူလသိမ်းဆည်း ခံခဲ့ရသည့် ခြံပိုင်ရှင်မိသားစုသို့ မြေ သို့မဟုတ် နစ်နာကြေးပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မုဒုံမြို့နယ် ထုတ်လုပ်ရေး စခန်းမှ အသုံးပြုနေသော မြေနေရာသည် ဦးပန်းရွှေ၊ ဒေါ်ငွေဖြူတို့မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့(၁၉၆၂)ခုနှစ်တွင် ရောဘာပင်များ ခုတ်လှဲခွင့် လျှောက်ထားခဲ့ပြီး (၁၉၆၈)ခုနှစ်တွင် ခုတ်လှဲခွင့်ရရှိသော်လည်း (၃)နှစ်အတွင်း ရော်ဘာပင် ပြန်စိုက်ရန် ပျက်ကွက်ခဲ့၍ (၁၉၇၆)ခုနှစ်တွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက စည်းကမ်းပျက် မြေအဖြစ်သတ်မှတ်ကာ နိုင်ငံတော်အစိုးရမှ ပြန်လည်သိမ်းယူခဲ့သည့် မြေဖြစ်ပါကြောင်း။
အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအနေဖြင့် မွန်ပြည်နယ်တွင် စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံးကျောက်နှင့် ရွှံ့စေးဖြူထုတ်လုပ်ခြင်းလုပ်ငန်းများအား ကုမ္ပဏီ(၅)ခုနှင့် အကျိုးတူဆောင်ရွက် လျက်ရှိပါ ကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသောကုမ္ပဏီများအား အနီးကပ်ကြီးကြပ်ရန်နှင့် ကုမ္ပဏီများ နှင့် ပြည်နယ်အစိုးရ အကြား လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ရွံ့စေးဖြူကြမ်း များ ထားရှိသိုလှောင်ရန်အတွက်လည်းကောင်း၊ မုဒုံမြို့နယ် ထုတ်လုပ်ရေး စခန်းမြေနေ ရာအား အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ မွန်ပြည်နယ် ရုံးခွဲဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စွန့်လွှတ်ရန်မရှိပါကြောင်းနှင့် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှ (၁၉၇၆)ခုနှစ်ကပင် စည်းကမ်းပျက် မြေအဖြစ် သိမ်းယူခဲ့သည့်မြေဖြစ်ခြင်း၊ (၁၉၈၅) ခုနှစ်တွင် အမည်ပေါက်လွှဲပြောင်း ရရှိထားပြီးဖြစ်ခြင်း၊ နှစ်(၃၀)မြေငှားဂရမ် ရရှိထားပြီးဖြစ်ခြင်းတို့ကြောင့် နစ်နာကြေးပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြား သည်။
ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့လာသော “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံ မှုကို ကာကွယ်ပေးရေးဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ တင်ပြ ချက်နှင့် ပယ်ဖျက်ချက်များအား လွှတ်တော်၏အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့သည်။ 
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော “ဥပဒေ ဘာသာပြန်ကော်မရှင် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက ကော်မရှင်ဖွဲ့စည်းမှုနှင့် စပ်လျဉ်း ၍ ပြဋ္ဌာန်းချက်များအား   အနှစ်သာရပြည့်ဝစေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တိကျရှင်းလင်း မှုရှိစေရန်အတွက် အကြံပြုဆွေးနွေးသည်။
လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြု၍ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယပုံမှန် အစည်း အဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ခုနှစ် ဇူလိုင် ၂၅ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ စုစုပေါင်း ၄၅ ရက်ကျင်းပခဲ့ရာ ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခု၊ ကြယ်ပွင့် မပြမေးခွန်း ၉၂ ခုမေးမြန်းခဲ့ကြောင်း၊ ပြည်ထောင် စုအစိုးရအားတိုက်တွန်းကြောင်းအဆို ၃ ခုတင်သွင်း ခဲ့ရာ အဆိုတစ်ခုကို အတည်ပြုခဲ့ပြီး အဆိုတစ်ခုကို မှတ်တမ်းတင်ခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း စုစုပေါင်း ၁၄ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းဥပဒေကြမ်းများအနက် ဥပဒေကြမ်း ၄ ခုကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊  ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ၈ ခုကိုပေးပို့ ထားပါကြောင်း၊ လွှတ်တော်နှစ် ရပ်သဘောထားကွဲလွဲသည့် ဥပဒေကြမ်း ၁ ခုကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ ထားပါကြောင်း၊ ထို့ပြင် ဥပဒေကြမ်းတစ်ခု ဆွေးနွေးရန် လက်ခံရရှိထားကြောင်း သိရသည်။ 

No comments:

Post a Comment