Saturday, October 29, 2016

အောင်စိုးမိုးကျော်-၂ ရေယာဉ်မောင်းသူ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံ


ကနီ အောက်တိုဘာ ၂၈
ယင်းမာပင်ခရိုင် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး တိမ်းမှောက်နစ်မြုပ်သော အောင်စိုးမိုးကျော်-၂ ခရီးသည် တင်အမြန်ရေယာဉ်ကို မောင်းနှင်သည့် ကိုဇော်မျိုး ဝင်းသည် တိမ်းမှောက်အပြီး ၁၃ ရက်မြောက်နေ့ အောက်တိုဘာ ၂၈ ရက် နံနက် ၁ဝ နာရီ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက် အဖမ်းခံခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

''ရေယာဉ်မောင်း ကိုဇော်မျိုးဝင်းက နံနက် ၁ဝနာရီကျော်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို လာရောက် အဖမ်းခံ တဲ့အတွက် သက်ဆိုင်ရာ ကနီမြို့နယ် ရဲစခန်းကို နံနက် ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့တွေက သွားရောက်ပို့ဆောင်ခဲ့ ပါတယ်''ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
အမြန်ရေယာဉ် တိမ်းမှောက်သည့် အောက်တိုဘာ ၁၅ ရက်က အောင်စိုးမိုး ကျော်-၂ အမြန်ရေယာဉ်မှ ဝန်ထမ်း လေးဦးကို ကနီမြို့ မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယခု ၁၃ ရက်အကြာတွင် လာရောက်အဖမ်းခံသူ ရေယာဉ်မောင်း ကိုဇော်မျိုးဝင်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ကနီမြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
လူပေါင်း ၇ဝ ကျော် သေဆုံးရှာဖွေ တွေ့ရှိခဲ့သော အောင်စိုးမိုးကျော်-၂ ခရီးသည်တင် အမြန်ရေယာဉ်သည် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရညန)တွင် တရားဝင်မှတ်ပုံ တင်ထားသည့်အမည်မှာ ရွှေသီဟဖြစ်ပြီး သက်ဆိုင်ရာဌာနသို့ အကြောင်းကြား ခြင်းမရှိဘဲ အောင်စိုးမိုးကျော်-၂ ဟု တရားမဝင် အမည်ပြောင်းကာ ပြေးဆွဲပြီး သတ်မှတ်ခရီးသည် ၃၆ ဦး ထက် ပိုမို တင်ဆောင်ခဲ့သောကြောင့် တိမ်းမှောက် မှုဖြစ်ပွားရာတွင် အသက်များစွာဆုံးရှုံး ခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ၏ ရေယာဉ်မှောက်ဖြစ်စဉ် မှတ်တမ်းမှ သိရသည်။
ထို့အပြင် အမြန်ရေယာဉ်၏လုပ်ငန်း လိုင်စင်သက်တမ်းမှာလည်း ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ အမြန်ရေယာဉ်နစ်မြုပ်မှု ကြောင့် လက်ရှိအချိန်အထိ ခရီးသည် ၁၅၉ ဦးကို ဆယ်ယူ ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်းကို တွေ့ရှိထားပြီး ပျောက်ဆုံးနေသူ ခုနစ်ဦး ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။ ရေယာဉ်တိမ်းမှောက် နစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနီမြို့ မြို့မရဲစခန်း က (ပ) ၁၅၄/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၂၈ဝ/၃ဝ၄-ကအရ အမှုရေးဖွင့်ပြီး ရဲအုပ်မျိုးကျော်က တရားလိုအဖြစ် တိုင်တန်းအမှုဖွင့်ထား ကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment