Saturday, October 29, 2016

ပြဒါးလင်းဂူနှင့် ကမ်းပါးနီကျောက်နံရံဆေးရေးပန်းချီများ စနစ်တကျ ထိန်းသိမ်းရန်ဆောင်ရွက်


မန္တလေး အောက်တိုဘာ ၂၈
သမိုင်းမတင်မီ ရှေးခေတ်လူသားများ နေထိုင်ရေးဆွဲခဲ့ကြသည့် ကျောက်ခေတ် ကာလနံရံဆေးရေးပန်းချီများ တည်ရှိရာရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပြဒါးလင်း ဂူနှင့် ကမ်းပါးနီကျောက်နံရံပန်းချီ များ စနစ်တကျ ထိန်းသိမ်းနိုင်စေရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ထိန်းသိမ်းမှု လုပ်ငန်း များအတွက် လက်ရှိတွင် ရေရရှိရေး အတွက် စတင်ဆောင်ရွက်လျက်ရှိပြီး ပြဒါးလင်းဂူတွင် ဇုန်နယ်နိမိတ်ကျောက်တိုင်များစိုက်ထူခြင်း၊ နားနေဆောင် နှင့် သန့်စင်ခန်းများ ဆောက် လုပ်ခြင်း လုပ်ငန်းများနှင့် ကမ်းပါးနီဒေသတွင် လမ်းလွှဲဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှ ခွင့်ပြုငွေ ငွေကျပ်သိန်း ၄ဝဝ သုံးစွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြာရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။
''ဒီကျောက်ခေတ်နံရံပန်းချီတွေ ဟာ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ သမိုင်းအထောက်အထားတွေ ဖြစ်တဲ့ အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းတွေအပြင် ဒီအမွေအနှစ်တွေကို လာရောက် လေ့လာကြည့်ရှုသူတွေ အနေနဲ့လည်း အဆင်ပြေစွာသွားလာ နေထိုင်နိုင်ဖို့ အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါ တယ်'' ဟု ၄င်းက ပြောသည်။
ပြဒါးလင်းဂူအမှတ် (၁) နှင့်(၂)သည် သမိုင်းမတင်မီကျောက်ခေတ်ကာလကတည်ရှိခဲ့သည့် နှစ်ပေါင်း ၈ဝဝဝ မှ ၁၃ဝဝဝ အတွင်း ကြာမြင့်နေပြီဖြစ် သဖြင့် သမိုင်းတန်ဖိုးကြီးမားသည့်ဒေသဖြစ်သည်နှင့်အညီ အထူးကြပ်မတ် ထိန်း သိမ်း၍ စိတ်ပါဝင်စား၍ လာရောက် လေ့လာသူများ အလွယ်တကူသွားလာ နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ် သည်။
အဆိုပါဒေသများ၏ သဘာဝမြင် ကွင်းထိခိုက်မှုမရှိစေရန်နှင့် စွန့်ပစ် အမှိုက်များကြောင့် ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု မရှိစေရေးအတွက် စနစ်တကျ သိမ်းဆည်းထိန်းသိမ်းရန် လိုအပ်သည့် အပြင် ဂူအတွင်းဝင်ရောက် လေ့လာသူ များက ဂူနံရံများတွင် မိမိတို့ရောက်ရှိ ကြောင်း စာများရေးသားခြင်းကြောင့် သမိုင်းအမွေအနှစ်များ ထိခိုက်ဆုံးရှုံး ခြင်း၊ သဘာဝကျောက်နံရံနှင့် ကျောက် ပန်းဆွဲများတွင် မင်များဖြင့် ရေးသားမှု ကြောင့် အရုပ်ဆိုးအကျည်းတန်ကာ မိမိ လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေ သဖြင့် ထိုသို့ဆောင်ရွက်မှုမျိုး မပြု လုပ်စေရန် သတိပေးတားမြစ်စာများ၊ ဆောင်ရွက်ထားရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment