Saturday, October 29, 2016

သထုံမြို့တွင် အမှိုက်များစွန့်ပစ်ရန် ယာယီမြေနေရာသတ်မှတ်


သထုံ - အောက်တိုဘာ - ၂၉
မွန်ပြည်နယ်၊ သထုံမြို့တွင် မြို့တွင်းမှထွက်ရှိသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ယခင်စက်မှု ၂ က ပြန်လည်စွန့်လွှတ်မြေ ဖြစ်သည့်သထုံမြို့နယ် ကြာပန်းကျေးရွာအနီးရှိမြေ ၃၈ ဧကပေါ်တွင် ၁၀ ဧကအားအမှိုက်များ စွန့်ပစ်ရန် ယာယီမြေနေရာ အဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ကွင်းဆင်းစစ်ဆေးကြည့်ရှုမှု အပြီး သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီမြေနေရာက ပြည်နယ်အစိုးရအဖွဲ့ကနေ အတည်ပြုပြီး သားပါ။ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ပြည်ထောင်စုအဆင့်က ညှိနှိုင်းဆောင်ရွက်ပေးပါဆိုလို ပြန်ဆင်းကြည့်ပေးတာပါ။ ဒီနေရာကလူနေ ပတ်ဝန်းကျင်နဲ့ လဲဝေးတယ်။ လမ်းလဲသင့်တယ် အမှိုက်စွန့်ပစ်ဖို့ အသင့်တော်ဆုံးပါ။ ဒါပေမယ့် တာယာစက်ရုံဘက်ကကန့်ကွက်မှုတွေရှိနေတဲ့အတွက် သထုံမှာအမှိုက်စွန့်ပစ်ဖို့တခြားနေရာရှာမရရင် ဒီနေရာကိုဘဲအတည်ပြုသတ်မှတ်ရမှာပါ။ ခုလောလောဆယ်တော့ မြို့တွင်းထွက်အမှိုက်တွေကိုစုပုံဖို့ ယာယီသတ်မှတ်ပေးပါတယ်” ဟုမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကစစ်ဆေးကြည့်ရှုစဉ် ပြောကြားခဲ့သည်။
သထုံမြို့အမှိုက်များနေ့စဉ် တန် ၂၀ ခန့်ထွက်ရှိနေပြီး အမှိုက်သိမ်းယာဉ်  ၇ စီးသန့်ရှင်းရေးဝန်ထမ်း ၂၁ ဦးဖြင့် နေ့စဉ်အမှိုက် သိမ်းယူခြင်းကို ဆောင်ရွက် ပေးနေကြောင်း ယခင်ကနှစ်ပေါင်း ၂၀ ၀န်းကျင်ခန့် သထုံမြို့ အတွင်းမှထွက်သည့် အမှိုက်များကို စွန့်ပစ်ခဲ့သည့် ပေါ်တော်မူကျေးရွာ ကျောက်တန်း သုသာန်အနီး မြေနေရာမှာ လက်ရှိအချိန်တွင် လူနေအိမ်ခြေ များပြားလာကာ ပတ်ဝန်း ကျင်နေ ပြည်သူများကအမှိုက်ပုံမှ ထွက်ရှိသော အနံဆိုးများကို မခံနိုင်ဝိုင်းဝန်းကန့်ကွက် ကြသဖြင့် ပြည်သူများ၏ ဆန္ဒအရ၂၀၁၆ ခုနှစ် အစောပိုင်းမှ စတင်ပြီး အမှိုက်များစွန့်ပစ်မှုအား ရပ်တန့်ကာ အဆင်ပြေသည့် နေရာများတွင် ယာယီစွန့်ပစ်နေရကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
မြို့တွင်းထွက် အမှိုက်များ ယာယီစွန့်ပစ်ရန် အတွက် စက်မှု ၂ မှ စွန့်လွှတ်မြေ ၃၈ ဧကအနက်မှ ၁၀ ဧကတွင်  အလျားပေ ၁၀၀၊ အနံပေ ၅၀၊ အမြင့် ပေ၂၀ ရှိမြေသားကန် ၄ ကန်တူးဖော်ထားရှိပြီး အမှိုက်စွန့်ပစ်ရန်မြေနေရာ အတည်တကျမရခင် ကာလအတွင်း နိုဝင်ဘာလတစ်ရက်နေ့မှ စတင်ကာ ၄င်းမြေနေရာတွင် သထုံမြို့တွင်းမှထွက်ရှိသည့် အမှိုက်များကို စတင်စွန့်ပစ်သွားမည် ဖြစ်ကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှသိရသည်။
သက်ဦး(သထုံ)

No comments:

Post a Comment