Friday, October 28, 2016

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ


မုံရွာ အောက်တိုဘာ ၂၈
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တိုင်းဒေသကြီး အားကစားကွင်းတွင် အောက်တိုဘာလ (၂၇) ရက်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပရာ မုံရွာခရိုင် ပညာရေးမှူး ဦးကျော်ဆင့် တက်ရောက်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။



ကျောင်းသား/သူများ အချင်းချင်း ချစ်ကြည်ရင်းနှီးစေရန်၊ အားကစားနှင့် ပညာရေးကို စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်သင်ကြားနိုင်စေရန်၊ တိုင်းဒေသကြီးနှင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်စေရေး အထောက်အကူ ဖြစ်စေရန်အတွက် ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
''အခုပြိုင်ပွဲမှာ ဘောလုံး၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွေ ပါဝင်ပါတယ်၊ ဘော်လီဘောနဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၂၇) ရက်နေ့မှာ ကျင်းပပါတယ်၊ ဘောလုံးနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေကိုတော့ (၂)ရက် ကျင်းပသွားမှာပါ၊ ပြိုင်ပွဲမှာ ထူးချွန်ကျောင်းသား/သူတွေကိုတော့ အောက်တိုဘာလ (၂၈) ရက်နေ့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်ပေးသွားမှာပါ'' ဟု ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးအဖွင့်ပွဲစဉ်တွင် မုံရွာမြို့နယ် အသင်းနှင့် အရာတော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မုံရွာမြို့နယ်အသင်းက (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲသို့ မုံရွာခရိုင်ရှိ မုံရွာ၊ ဘုတလင်၊ ချောင်းဦးနှင့် အရာတော်မြို့နယ်တို့မှ ကျောင်းသား/သူ (၂ဝဝ) ကျော် ပါဝင်ကြောင်းနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို တိုင်းဒေသကြီး အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံ အားကစားရုံကြီးတွင် လည်းကောင်း၊ ဘောလုံးနှင့် မီတာ (၁ဝဝ)၊ (၂ဝဝ)၊ (၄ဝဝ) အပြေးပြိုင်ပွဲများကို တိုင်းဒေသကြီး အားကစားကွင်းအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းဝေ(မုံရွာ)

No comments:

Post a Comment