Saturday, October 15, 2016

ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်  အောက်တိုဘာ ၁၅
ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission)နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီခွဲ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission)ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက နိုင်ငံတော် သမ္မတမှစ၍ တာဝန် ရှိသူအားလုံးသည် ငြိမ်းချမ်းရေးကို အလေး ထားလျက်ရှိပြီး ပြည်သူအားလုံးကလည်း စိတ်ဝင်စားလျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တစ်ဘက်နှင့် တစ် ဘက် မကြာခဏတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားပါက ခရီးရောက်မည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းမှုမရှိ၍  အမှန်တကယ် ခံစားနေရသည့် အပြစ်မဲ့ ပြည်သူများ အတွက် အားလုံးက  ၀ိုင်းဝန်းစဉ်းစား ပေးကြစေလိုကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ အားလုံး လက်ခံနိုင်သည့် အဖြေကို ရှာပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  ခေါင်းဆောင် ခူဦးရယ်က စိတ်ရင်းစေတနာ သဘောထား မှန်ကန်စွာဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ပါကြောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် အချိန် လိုအပ်သည်မှာ မှန်ကန်သော်လည်း အချိန်ဆွဲ၍ ဆောင်ရွက်ခြင်းကို မလုပ်သင့်ပါကြောင်း၊ အပြန်အလှန် နားလည် ယုံကြည်မှုရှိရှိဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာပြီး ဆောင်ရွက် သွားသင့်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကြံပေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)တို့မှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment