Monday, October 10, 2016

ပြည်ထောင်စုဝန်ကြီးဦးအုန်မောင် ညောင်ရွှေမြို့နယ်တွင် ခရီးသွားရာသီကာလအမှီ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၀
ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ(၉)ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် စည်ပင်သာယာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ညဈေး (Night Bazaar) ဖြစ်မြောက်ရေးအစည်း အဝေးသို့တက်ရောက်ကာ ညဈေးဖြစ်မြောက်ရေး ကော်မတီများ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ Night Bazaar ပြုလုပ်ခြင်းကြောင့် ညောင်ရွှေဒေသ ခရီးသွားလုပ်ငန်းကို ပိုမိုအကျိုးပြုမည်ဖြစ်ပါကြောင်း၊ Night Bazaar တွင် ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာနှင့် ကျန်းမာရေးနှင့်ညွတ်စွာ သွားလာလည်ပတ် စားသောက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ် သော အစားအစာများရောင်းချရေး၊ ဒေသထွက် အမှတ်တရပစ္စည်းများရောင်းချရေး၊ အမှိုက်နှင့်ရေဆိုးများ စနစ်တကျ စွန့်ပစ်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး၊ Tourist Car များ စနစ်တကျရပ်နားရေး၊  Night Bazaar အတွက် စနစ်တကျ စီမံအုပ်ချုပ်ခန့်ခွဲရေးနှင့် လုံခြုံရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မဈေးတည် ဆောက်ရေးကော်မတီဝင်များနှင့် ညဈေးဖြစ်မြောက်ရေး ကော်မတီ ၀င်များမှ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ညောင်ရွှေမြို့၊ ကမ်းနားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၏ Information Counter သို့ သွားရောက်ကြည့်ရှုခဲ့ပြီး Information Counter နှင့်ညီညွတ်စွာ ၀န်ကြီးဌာနမှထုတ်ဝေသည့် စာအုပ်စာတမ်း၊ လက်ကမ်း စာစောင်များ၊ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ စုံလင်စွာထားရှိ၍ ဖြန့်ဝေပေးနိုင်ရေး၊  နိုင်ငံခြားသား ဧည့်သည် များ လာရောက်မေးမြန်းရာတွင် ၄င်းတို့သိရှိလိုသည့် သတင်းအချက်အလက်များအား ပြည့်စုံစွာဖြေကြားပေးနိုင်ရေး အတွက် ဒေသဆိုင်ရာ အချက်အလက်များကို နေ့စဉ်နှင့်အမျှ သိရှိလေ့လာမှတ်သား၍  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရန်နှင့် Information Counter မွမ်းမံပြင်ဆင်မှုများအတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment