Monday, October 10, 2016

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အောက်တိုဘာ (၉) ရက်နံနက်ပိုင်းတွင် ထွက်ခွာလာပြီး ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်-ညောင်တုန်းအပိုင်း) ပြုပြင်ထိန်းသိမ်း ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ကြိမ်ပင်ဆည်ကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊တံတား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် လာရောက်စဉ် ကြိမ်ပင်ဆည်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ရ သည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျှက်ရှိသလို ပြည်သူလူထု၏ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း။
ယနေ့ ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် အဓိကရည်ရွယ်ချက်သည် ကြိမ်ပင်ဆည်ကျေးရွာ မီးလင်းရေး အတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်ကို ဒေသခံပြည်သူများ သိရှိနားလည်ဖို့လိုပါကြောင်း။
၂၀၃၀ တွင် ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုး တိုးတက် ရေးအတွက် ရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်သွားမှာဖြစ်သလို ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးလင်းရေးတို့ကိုလည်း ဆောင်ရွက်သွားရန် မျှော်လင့်ထားပါကြောင်း အကျယ်တဝင့် ပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးမှ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၃ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် မှ အကောင်အထည်ဖော်ခွင့်ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ မီးလင်းရေး အတွက် လိုက်နာဆောင်ရွက်သွားဖို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းလျှပ်စစ် အင်ဂျင်နီယာမှ လျှပ်စစ်မီးသုံးစွဲမှု လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြိမ်ပင်ဆည်ကျေးရွာရှိ ဒေသခံ ပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်ပါကြောင်းနှင့် လျှပ်စစ်မီးရရှိပါက သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း၊ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူ များ၏ တင်ပြချက်များ အပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် မြန်မာရွှေသရဖူကုမ္ပဏီမှ ဆောင်ရွက်သော ကတ္တရာ ကွန်ကရစ် (AC) ခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ငဝန်မြစ်ကူးတံတား(မြို့ကွင်း)ကြံ့ခိုင်မှုနှင့် မြစ်ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းထားရှိမှု အခြေအနေ ကို လည်းကောင်း၊ ပြည်-ကြံခင်း-မြန်အောင်လမ်း ပြုပြင်ထိန်းသိမ်း ထားရှိမှုအခြေအနေကို လည်းကောင်း၊ ပြင်သာအလုပ်ရုံ တွင် စက်ယန္တရားများ ပြုပြင်နေမှုနှင့် အဆောက်အုံအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပြည်-မန္တလေးလမ်း (ပြည်-အောင်လံ-တောင်တွင်းကြီးအပိုင်း လမ်းပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်မှ နေပြည်တော်-တောင်ညို-ချောင်းနက်-တောင်းတွင်းကြီးလမ်းတွင် သဘာဝဘေးဒဏ်ကြောင့် လမ်းသားပဲ့ကျသွားသည့် မိုင်တိုင် အမှတ် (၅၁/၀ နှင့် ၅၁/၁)ကြားတွင် စက်ယန္တရားများဖြင့် လမ်းအူကြောင်းသစ် ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၄၆/၀ နှင့် ၄၆/၃)ကြား မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။

No comments:

Post a Comment