Friday, October 7, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


နေပြည်တော် အောက်တိုဘာ ၇
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး(၄၇)ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ မိုင်းပန်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၏ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ မိုင်းပန်မြို့နယ် ၊ မိုင်းပန်- နောင်လေ- မိုင်းပုတ် - ပန်ပိလမ်း (၃၆) မိုင်အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ မရှိ မေးခွန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆိုပါမြေလမ်းအား ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျောက်ခင်း လမ်း (၅) မိုင်ကို ဆောင်ရွက်ရန် လျာထားပါရှိပါကြောင်းနှင့် ကျန်ရှိသည့် (၃၁) မိုင် ကျောက်ခင်းခြင်းအတွက် နှစ်အလိုက်အစီအမံဖြင့် ရန်ပုံငွေ လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ရန်ပုံငွေခွင့်ပြုပါက ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ် ကြောင်း ဖြေကြားသည်။
မိုင်းယောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၏ မိုင်း ယောင်း - မိုင်းယု ဒေသနေ ပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့ စေရေး ၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် နမ့်လွေချောင်းကူးတံတား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ တံတားချဉ်းကပ် လမ်း  ပေ(၂၀၀)၏ လက်ရှိမြေပြင်အခြေအနေမှာ မြေဖို့ခြင်းလုပ်ငန်း ပြီးစီး၍ ကျောက်ခင်းခြင်းနှင့် ကတ္တရာ ခင်းခြင်း လုပ်ငန်းများ ကျန်ရှိနေသေးကြောင်း သိရှိ ရပြီး ၎င်းလုပ်ငန်းများအား အပြီးသတ်ဆောင် ရွက်နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက် သော အထူးဒေသ (၄) မိုင်းလားအဖွဲ့က ဆက်လက်တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ြ့ပီး တံတားဖွင့်ပွဲကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းများပြီးစီးပါက ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၏ ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ) သို့ ငမိုးရိပ်ချောင်းမြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုဆောင်ရွက်ပေးရန် တင်ပြထားသော ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်း မြို့နယ်(သုဝဏ္ဏ)သို့ ငမိုးရိပ် ချောင်းကူးတံတား တစ်စင်းတည်ဆောက်နိုင်ရန် အတွက် သင်္ဘောများ သွားလာနိုင်မည့် ချောင်းဖြစ်သောကြောင့် ရေလမ်းကင်းလွတ်အမြင့်နှင့် အကျယ်တို့ကို လည်းကောင်း ၊ တံတား၏ ချဉ်းကပ်လမ်း တည်ဆောက်နိုင်မည့် နေရာနှင့် တံတားပေါ်သို့ ၀င်ရောက်နိုင် မည့် ချဉ်းကပ်လမ်းအခြေအနေတို့ကို လည်းကောင်း ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)ဘက်ကမ်း တို့တွင် တံတားကို ဆက်သွယ်လာမည့် အဓိကလမ်း မကြီးများကို ချိတ်ဆက်နိုင်မည့် လမ်းကွန်ရက်တို့ကို လည်းကောင်း ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်း လေ့လာပြီးသည့်အခါတွင် ဖြစ်နိုင်စွမ်းရှိသည့်နေရာကို ရွေးချယ်ပြီး ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
လေရှီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၏ လေရှီး - ထမံသီ လမ်းနှင့် လေရှီး - ဆွမ္မရာလမ်းပေါ်ရှိ မိုင်ပေါင်း (၃၀) ခန့်အား လမ်းကြောင်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသည့်  လမ်းပိုင်းများအပါအ၀င် ကျန် လိုအပ်သောလမ်းပိုင်းများကို Gradient နှိမ့်ချရန်နှင့် လမ်းအူကြောင်း ပြောင်းလဲဖောက် လုပ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ လမ်းတိုင်းတာရေး အဖွဲ့များနှင့် အတူ ကိုယ်စားလှယ်တော်ကြီးများနှင့် ဒေသခံပြည်သူများ လိုက်ပါပြီး မြေပြင်တွင်သွားရောက်၍ ကွင်းဆင်း စစ်ဆေး တိုင်းတာဆောင်ရွက်စေပြီး လိုအပ်လျက် ရှိသည့် နေရာများကို ပြန်လည်စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ကျောက်တံတားမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးထက်၏ ကျောက်တံတားမြို့နယ်အတွင်းရှိ မိလ္လာကန်များနှင့် မိလ္လာရေပိုက်များ ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဖြေကြားရာ၌ ကျောက်တံတား မြို့နယ်အတွင်းတွင် စုစုပေါင်း နောက်ဖေးလမ်းကြား (၄၇) ခု ၊ မိလ္လာကန် (၂၁၉) ကန် ၊ မိလ္လာလိုင်းပေအရှည် (၂၉၈၀၀) ခန့်ရှိရာ နှစ်စဉ်နှစ်တိုင်းအားဖြင့် လိုင်းရှင်းအနည်ဆယ် ခြင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည် ၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ရန်ကုန်မြို့ Downtown (၆) မြို့နယ်အတွင်း ရေဆိုးသယ်ပိုက်များ (လမ်းမကြီးနှင့် နောက်ဖေးလမ်းကြားများ) အသစ်ဆောင်ရွက်နိုင်ရေးနှင့် ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့ ဆောင်ရွက်နိုင် ရေးအတွက် အသေးစိတ်လေ့လာ ဆန်းစစ်နိုင်ရန် ဂျပန်နိုင်ငံ ဆူမီတိုမို ကုမ္ပဏီဖြင့် MOU လက်မှတ်ရေး ထိုးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဒုတိယအကြိမ် ပုံမှန်အစည်း အဝေးကို စတင်ကျင်းပခဲ့သည်မှာ ယနေ့တွင် (၄၇) ရက် တိုင်ခဲ့ပြီဖြစ်ကြောင်း ၊ အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း (၂၂၅) ခု မေးမြန်းဖြေကြားခြင်း ၊ ကြယ်ပွင့်မပြမေးခွန်း (၄၀၇) ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း ၊ အဆိုများအနေဖြင့် အရေးကြီးအဆို (၂) ခုအပါအ၀င် အဆို စုစုပေါင်း (၁၆) ခု တင်သွင်းဆောင်ရွက်နိုင်ခဲ့ပြီး အတည်ပြုအဆို (၄) ခု ၊ မှတ်တမ်းတင် အဆို (၉) ခု  ၊ အတည်မပြုအဆို (၂) ခုနှင့် ဆွေးနွေးရန်မသင့် အဆို (၁) ခုတို့ ဖြစ်ပါ ကြောင်း ။
ဥပဒေကြမ်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့သည့် ဥပဒေ ကြမ်း (၅) ခုအပါအ၀င် ဆောင်ရွက်ဆဲဥပဒေကြမ်း (၁၉) ခုရှိပြီး အတည်ပြု ဆောင်ရွက် နိုင်ခဲ့သည့် ဥပဒေကြမ်း (၁၀) ခု ဖြစ်ပါကြောင်း ၊ ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း (၉) ခု ကျန်ရှိပါကြောင်း ၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ခဲ့သည့် ၁.၂ .၂၀၁၆  ရက်နေ့မှ ယနေ့ကာလအထိ လွှတ်တော်ကော်မတီအသီးသီး၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု များကိုလည်း  ရှင်းလင်းတင်ပြလိုပါကြောင်း ၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားရှိ သည့် ကော်မတီ (၁၉) ခု၏ အလုပ်ရုံ ဆွေးနွေးပွဲများ ၊ Siminar များနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း တွေ့ဆုံဆွေးနွေးခဲ့မှုအနေဖြင့် ပြည်တွင်းဧည့်သည်ဦးရေ (၂၇၄၀) ဦး ၊ ပြည်ပဧည့်သည်ဦးရေ (၃၂၇) ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၁၂၅) ကြိမ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း ၊ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးနိုင်မှုအနေဖြင့် ပြည်တွင်းဧည့်သည် ဦးရေ (၁၈၀၇၁)  ဦး ၊ ပြည်ပဧည့်သည်ဦးရေ (၁၈၂၈) ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၂၀၂) ကြိမ် ဆောင်ရွက်နိုင် ခဲ့ပါကြောင်း ၊ လေ့လာရေးခရီးအပါအ၀င် ပြည်ပသို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုအနေဖြင့် (၂၀) ကြိမ်ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၅၄) ဦးနှင့် ပြည်ပဧည့်သည် (၉၁၆) ဦးတို့ကို တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အစည်းအဝေးရပ်နားထားစဉ်ကာလအတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပါ ၊ ကိုယ်စားလှယ်များ၏ တာဝန်က ဘာတွေလဲ ၊ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်၏ အခန်းက ဘာတွေလဲ ဆိုသည်ကို ခြေခြေမြစ်မြစ် သိရှိနေကြဖို့ လိုအပ်ပါကြောင်း ၊ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဟူသည့် ဥပဒေ၏ ဆိုရိုးစကားနှင့်အညီ တည်ဆဲဥပဒေများကို အထူးလေးစား လိုက်နာကြရန် လိုအပ်ပါကြောင်း ၊ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် Check and Balance ပြုလုပ်သည့်နေရာတွင် ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ် ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းများ မဖြစ်ရလေ အောင် သတိပြုဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ။
ယင်းသည် နိုင်ငံတော်၏အချုပ်အခြာ အာဏာသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး အာဏာ ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းပင် ဖြစ်ပါကြောင်း ၊ ယင်းသို့ ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းဖြင့် အာဏာ အလွဲသုံးစားလုပ်ခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို အကောင် အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း ၊ နိုင်ငံတော်အခြေခံမူများတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း ၊ ထို့ကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ဖြစ်သည့် မဲဆန္ဒရှင်ပြည်သူလူထု၏အကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များတွင် အဓိကတာဝန် ရှိကြပါကြောင်း ၊ မိမိတို့မဲဆန္ဒနယ်မြေမှ ပြည်သူလူထု၏အသံကို အမြဲနားစွင့်နေကြရန် နှင့် ပြည်သူများ၏ လိုအပ်ချက် များ ၊ ဆန္ဒသဘောထားများက ဘာလဲ ၊ မိမိတို့အနေဖြင့် ပြည်သူလူထုကို ဘယ်လိုဖြည့် ဆည်းပေးနိုင်မည်လဲ စသည်ဖြင့် လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်၏ တာဝန် ၊ ၀တ္တရားများကို အပြည့်အ၀ ထမ်းဆောင်ကြရန်နှင့် ပြည်သူကိုကိုယ်စားပြုသည့် ကိုယ်စားလှယ်များဖြစ်ကြောင်းကို သက်သေ ပြကြရန် အလေးအနက်မှာကြားလိုပါကြောင်း ။

နိဂုံးချုပ်အားဖြင့် မှာကြားလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူလူထုထံ ပြန်လည်ရောက်ရှိကြသည့်အချိန်တွင် ပြည်သူ့အသံနှင့် ပြည် သူတို့၏ တင်ပြချက်များကို အလေးအနက်ထား မှတ်သားနားထောင်ကြပါ ၊ ပြည်သူ နှင့်တစ်သားတည်းနေထိုင်ဆောင်ရွက်ကြပါ ၊ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြပါ ၊ ပြည်ထောင်စု၏ ထောက်ပံ့ငွေကျပ် သိန်း တစ်ထောင်ဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးစီးအောင်မြင်အောင် အကောင် အထည်ဖော်ဆောင် ရွက်ကြပါ ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရာတွင်လည်း ပြည်သူများနစ် နာမှု မရှိစေရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးကြပါ ၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်းတွင် ပြည်သူ့ အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးကြပါ ၊ ဆက်လက်ကျင်းပမည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင်လည်း ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်ဆုံတွေ့ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်ပါကြောင်းဖြင့် ပြောကြားသည်။ 

No comments:

Post a Comment