Friday, October 7, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ပုဂံ - ညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်


နေပြည်တော် အောက်တိုဘာ ၇
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ပုဂံ - ညောင်ဦး ဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်(နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေကနိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်ပါ အမိန့်ကြေညာစာ ဖြင့် ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း ဘုရား၊ စေတီပုထိုး များနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း နိုင်ရေး၊ လုပ်ငန်းများ ဆောင်ရွက်ရန် ဤဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီအနေဖြင့် လိုအပ်သည့် လုပ်ငန်းကော်မတီ (၂)ခုနှင့် ဆပ်ကော်မတီ (၅)ခုကို ဆက်လက်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် နှစ်ပေါင်း ၁၀၀၀ ကျော် ရှည်ကြာခဲ့ပြီး ရှေးဟောင်း အဆောက်အအုံပေါင်း ၃၀၀၀ ကျော် တစ်စုတဝေးတည်ရှိသည့်နေရာ ဖြစ်ပါကြောင်း၊ မြန်မာ တစ်မျိုးသားလုံး၏ ဂုဏ်ယူမြတ်နိုးတန်ဖိုးထားရသည့် ဒေသဖြစ် သည် သာမက ကမ္ဘာတစ်ဝှမ်းကလည်း စိတ်ဝင်တစားလာရောက်ကြည့်ရှုရသည့် နေရာ ဒေသတစ်ခုဖြစ်ပါကြောင်း။
`၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျစတာစကေး အင်အား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း။ ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိခိုက် ပျက်စီးမှုများကို သြဂုတ်လ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပြီး လမ်းညွှန်ချက် ၈ ချက် ချမှတ်ပေးခဲ့ပါကြောင်း၊ အထူးသဖြင့် ထိခိုက်မှုများ၊ ဆိုးဝါးစွာ ဆက်လက် မဖြစ်ပေါ်အောင်  အမိုးအကာ ပြုလုပ်ထားရန်၊ ထိခိုက်မှု မရှိသည့် ဘုရားပုထိုး စေတီများကို ဘုရားဖူး ဧည့်သည်များ ၀င်ရောက် ဖူးမြော်နိုင်အောင် စီစဉ်ဆောင်ရွက် ပေးရန်၊ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမှုမပျက် သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း။
ထို့အတူ သြဂုတ် ၂၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့်အဖွဲ့၊ စက်တင်ဘာ ၅ ရက်တွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်အဖွဲ့ တို့က ပုဂံ-ညောင်ဦးဒေသသို့ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ် သည်များ ဖြည့်ဆည်းပေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်နိုင်ရန် မူဝါဒလမ်းစဉ်များ ချမှတ် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
မိမိတို့ ကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် ရစ်ခ်ျစတာစကေး အင်အား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ပုဂံဒေသတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားများကို ပြုပြင်ခဲ့သည် လုပ်ငန်းများ အပေါ် သင်ခန်းစာယူ၍ သတိထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တန်ဖိုးနိမ့်ပစ္စည်းများနှင့်  အရည်အသွေး မမီသည့် ပစ္စည်းများကို အပြင်ပိုင်းပြင်ဆင်၍ အတွင်းပိုင်းအစာသွပ်ခြင်း၊ အပေါ်နှင့်အောက် ၀န်မမျှခြင်း၊ ရှေးဟောင်းအုတ် နှင့် ခေတ်သစ်အုတ်များ တွဲမီခြင်း၊ ရှေးဟောင်းလက်ရာ များကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ အသစ်ပြင်ထားသည်ကို သိစေလိုခြင်း၊ ပြင်ဆင်မှု အပိုင်း အလိုက် ကိုက်ညီမှု အားနည်းခြင်း စသည့်အချက်များကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ပြည်တွင်းပြည်ပ ပညာရှင်များအစည်းအဝေး၌ နိုင်ငံတကာပညာရှင်များက အကြံပြု ဆွေးနွေးခဲ့ပါကြောင်း။
သြဂုတ် ၈ ရက် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ပြန်လည် ပြုပြင်ရာတွင် နိုင်ငံတကာ ပညာရှင်များ၏ အကြံပြုချက်များကို အလေးထား ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ယခုလို ပြုပြင်ဆောင် ရွက်မှုများနှင့်အတူ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်အောင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် ငလျင်ဒဏ်ခံနိုင်ရေးကိုပါ ထည့်သွင်းဆောင်ရွက်သွား ရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပျက်စီးသည့် ရှေးဟောင်း အဆောက်အအုံများ ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မှတ်တမ်းရယူ၍ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ၀န်ထမ်းများပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိခိုက်ပျက်စီး ခဲ့သည့် ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို ဦးစားပေး အလိုက်ပြုပြင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပုဂံရှေးဟောင်း နယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် လုံခြုံရေး ဆောင်ရွက်နေမှု၊ အရေးပေါ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ သာသနိကအဆောက် အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ဦးစီးကော်မတီအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ငလျင်ဒဏ်ခံလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ ရုတ်တရက် မိုးကြီးခြင်း၊ ဧရာဝတီမြစ်ရေ လျှံတက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုများကို ပါထည့်သွင်းစဉ်းစား ၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အကြံပြု တင်ပြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တက်ရောက် လာကြသူများက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် လိုအပ်သည်များကို ၀ိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များ အပေါ် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment