Wednesday, October 26, 2016

ဘဏ်(၆)ခုဖြင့်ချိတ်ဆက်၍ အသေးစားအလတ်စားလုပ်ငန်းများအား ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိရာ လုပ်ငန်းရှင်များ အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်

မြိတ် အောက်တိုဘာ ၂၅
အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်တွင်းရှိ ဘဏ်(၆)ခုဖြင့် ချိတ်ဆက် ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်းများအား ချေးငွေများထုတ်ချေးပေးနိုင်ရေး စီစဉ်လျှက်ရှိရာ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းအတွက် ချေးငွေရယူပြီး လုပ်ငန်းတိုးချဲ့နိုင်ရေး အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။



ယခင် (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် မြိတ်မြို့ရှိ အသေးစား/အလတ်စားလုပ်ငန်း(၆၅)ခုမှ ချေးငွေရရှိရေး ဆက်သွယ်လာပြီး ၎င်းတို့အနက် ချေးငွေထုတ်ချေးပေးမည့် ဘဏ်သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်း(၁၄)ခုကို ချေးငွေထုတ်ချေးပေးသည့်ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ထိုစဉ်က ချေးငွေ ထုတ်ချေးပေးသည့် ဘဏ်မှာ တစ်ခုတည်းဖြစ်သော်လည်း ယခုအခါ ဘဏ်(၆)ခုအထိ ချေးငွေ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါဘဏ်များမှာ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ကြောင်း မြိတ်မြို့ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
ချေးငွေလျှောက်ထားမည့် အသေးစား/အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် ကိုက်ညီရမည့် သတ်မှတ်ချက် များမှာ (က) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနများတွင် လုပ်ငန်းမှတ်ပုံ တင်ထားရှိ၍ သက်တမ်း တိုးပြီးသည့် လုပ်ငန်းများ၊ (ခ) လုပ်ငန်းသက်တမ်း အနည်းဆုံး(၂)နှစ် ရှိသည့် လုပ်ငန်းများ၊ (ဂ) အသေးစားနှင့်အလတ်စားလုပ်ငန်း(SME) အသင်း ၀င်ရောက်ပြီးသည့် လုပ်ငန်းများ၊ (ဃ) လုပ်ငန်း တိုးတက်အောင်မြင်မှု အလားအလာရှိသည့် လုပ်ငန်းများဖြစ်ရမည် ဖြစ်သည်။
၎င်းအပြင် SME ချေးငွေ ထုတ်ချေးပေးနိုင်ရေး လျှောက်ထားသူများအနေဖြင့် အာမခံတင်ပြမည့် အပေါင်ပစ္စည်းခိုင်မာမှုရှိခြင်း၊ အပေါင်ပစ္စည်းခိုင်မာမှု မရှိပါက လုပ်ငန်းခိုင်မာမှု ရှိရမည်ဖြစ်ပြီး လုပ်ငန်းအား ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် Business Plan ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်ဆင့်ပြောကြားသည်။
ချေးငွေနှင့်ပတ်သက်ပြီး “ကျွန်တော် ဒီပုံသွန်းလုပ်ငန်းလုပ်လာတာ အနှစ်(၂၀)ကျော်ပြီ၊ ချေးငွေတော့ရရင် ကောင်းတာပေါ့ လုပ်ငန်းတိုးချဲ့ချင်ပေမယ့် ငွေအင်အားက အဆင်မပြေဘူး၊ အရင်က ချေးငွေလျှောက်ဖူးတယ် ဘဏ်သတ်မှတ်ချက်နဲ့မကိုက်ညီတော့ ချေးငွေမရဘူး” ဟု ငါးဖမ်းလှေသုံး စက်ပစ္စည်းများ၊ လှေပန်ကာများ၊ သဲ/ကျောက်စုပ်စက်များနှင့် စက်လှေအစိတ်အပိုင်းများကို သတ္တုပုံသွန်းလုပ်ကိုင်သည့် မြိတ်မြို့၊ မြို့မ(၂) ရပ်ကွက်၊ မြ၀ါရုံလမ်းရှိ သံ၊ သတ္တု၊ ကြေးပုံသွန်းလုပ်ငန်း လုပ်ကိုင်နေသည့် ဦးသန်းဝင်းကပြောသည်။

မြိတ်ခရိုင်တွင် အသေးစား/အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန(SME)တွင် တရားဝင် မှတ်ပုံတင် ထားသော အသေးစား/အလတ်စားလုပ်ငန်း (၁၇၇၀)ခုရှိပြီး မှတ်ပုံမတင်ရသေးသူများ အနေဖြင့် မိမိတို့ လုပ်ငန်းကို SME တွင် မှတ်ပုံတင်ပြီး လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေရရှိနိုင်ရေးကို ဆောင်ရွက်လိုပါက မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ ပိတောက်ပင်လမ်းဆုံရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် တခြားဒေသများတွင်လည်း မိမိတို့ မြို့နယ်ရှိ အသေးစား/အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့်ဆက်သွယ်ပြီး ချေးငွေ ရရှိနိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

No comments:

Post a Comment