Sunday, October 2, 2016

"စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများ လှည့်လည်ကြည့်ရှုစစ်ဆေး"

နေပြည်တော် အောက်တိုဘာ ၂
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ စက်မှုဝန်ကြီးဌာနမှ Mother Industrial Co., Ltd. သို့ ငှားရမ်းထားသည့် အုတ်ထုတ်လုပ်ရေးဌာန (တညင်းကုန်း) နှင့် အဆင့်မြင့်မီးခံအုတ်စက်ရုံ (တညင်းကုန်း) စက်ရုံတည်ဆောက် အကောင်အထည်ဖော်လုပ်ငန်း လည်ပတ်ဆောင်ရွက်လျက်ရှိသည့် အပေါ့စားနှင့် သဲကွန်ကရစ်အုတ်နှင့် အပေါ့စားနှင့်ဖိအားမြင့် သဲကွန်ကရစ် အုတ်စက်ရုံ များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက စက်ရုံအစည်းအဝေးခန်းမ၌ ထုတ်ကုန်အမျိုးအစားများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်စီးပွားရေးစနစ်တွင် မိမိထုတ်ကုန်ပစ္စည်းများအား ဈေးကွက် တွင် ယှဉ်ပြိုင်ရောင်းချရမည်ဖြစ်၍ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများထုတ်လုပ်ရန်၊ စံချိန်စံညွှန်း မီအရည်အသွေး ကောင်းမွန်ကြောင်း အာမခံနိုင်ရန်၊ ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်ရေးဆန်းသစ် တီထွင်နေရမည် ဖြစ်ကြောင်း၊ ဈေးကွက်ကို မျက်ခြေမပြတ် လေ့လာ၍ ဈေးကွက်လိုအပ်ချက် အတိုင်းထုတ်လုပ်နိုင်ရေး စီမံထားရှိရန် လိုကြောင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ United PacificCo., Ltd. သို့ ငှားရမ်းထားသည့် အမှတ် (၉) အထည်စက်ရုံခွဲ (အင်းစိန်) သို့ ရောက်ရှိပြီးစက်ရုံ ငှားရမ်းကုမ္ပဏီမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ပြည်သူကိုအကျိုးရှိစေမည့် လုပ်ငန်းအစီအမံများ အမြန်ဆုံးဖော်ထုတ် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမိုင်းလမ်းဆုံအနီးရှိစက်မှုဝန်ကြီးဌာနမှ Win & Win Co., Ltd. သို့ ငှားရမ်းထား သည့် ဂိုထောင်များသို့ရောက်ရှိပြီး ဂိုထောင်များအတွင်းပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေ၊ ဂိုထောင်များဝင်းအတွင်း ရှိ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်လိုသည့်လုပ်ငန်း အစီအမံများကိုအသေးစိတ် မြေပုံ၊ Drawing Structure များဖြင့် တင်ပြရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းရှိ လျှပ်စစ်နှင့်မော်တာစက်ရုံတွင် ShweKa Thar-Shindo Engineering & ManufacturingPte Co. Ltd. မှ “Chip on Film” ဒီဇိုင်းရေးဆွဲခြင်းနှင့် အရည်အသွေး စစ်ဆေးထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကိုလှည့်လည် အားပေးကြည့်ရှု စစ်ဆေးသည်။

စက်ရုံအားShweKa Thar-Shindo Engineering & Manufacturing Pte Co. Ltd.နှင့် ဂျပန်နိုင်ငံ၊ Flexceed Co., Ltd. တို့ပူးပေါင်း၍ အီလက်ထရောနစ် စက်ရုံတည်ဆောက်ပြီးChip on Film”များအားဒီဇိုင်းရေးဆွဲခြင်းနှင့် အရည်အသွေး စစ်ဆေးပြီး ထုတ်လုပ်လျက်ရှိသည်။ “Chip on Film”ဆိုသည်မှာ Polyimide နှင့်Copper ပေါင်းစပ်ထားသည့် အလွန်ပါး လွှာသောဖလင်ပေါ်တွင် အလွန်သေးငယ်သည့် ကြေးနီအခြေခံ လျှပ်စစ်စီးကြောင်းကို ဒီဇိုင်းပုံဖော်ထားခြင်းဖြစ်သည်။ “Chip on Film”သည် ပျော့ပြောင်းမှုရှိခြင်း၊ အပူဒဏ်ခံနိုင်မှုမြင့်မားခြင်း၊ ပါဝါသုံးစွဲမှုနည်းခြင်း၊ ကြည်လင်ပြတ်သားသော Display Panel များရခြင်းစသည့် စွမ်းဆောင်ရည်များကြောင့် အမျိုးမျိုးသော အီလက်ထရောနစ် ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုလျက်ရှိသည်။ အထူးသဖြင့် High Density Assembly Products များဖြစ်သော LED TV, Notebook, PC, Tablet, Smart Phone များနှင့် Inkjet Printer များတွင် တွဲဖက်၍ အသုံးပြုသည့် Chip on Film များဖြစ်သည့် အတွက် ဈေးကွက်ဝင်ပစ္စည်း အမျိုးအစားဖြစ်ကြောင်း သိရသည်။  

No comments:

Post a Comment