Sunday, October 2, 2016

ကလေးစာပေပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် အောက်တိုဘာ ၂
ကလေးစာပေပွဲတော် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ စာပေပညာရှင် များနှင့် ကလေးစာပေပွဲတော်ကို စိတ်ဝင်စားသူများ အားလုံးပူးပေါင်းပါဝင် ဆွေးနွေးကြစေလိုကြောင်း၊ နေပြည်တော်၌ ကလေး စာပေပွဲတော်တစ်ခုကို ခမ်းခမ်းနားနား စတင်ကျင်းပရန် ရည်ရွယ်ထားကြောင်း၊ ကလေး စာပေပွဲတော်တွင် ထပ်မံ ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ စိတ်ကူးစိတ်သန်းများကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး အကြံပြု ကြစေလို ကြောင်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီ တွင် ကျင်းပသည့် ကလေးစာပေပွဲတော် ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေနှင့် ညွှန်ကြားရေးမှူး (စီမံ) ဦးအေးကြွယ်တို့က ကလေးစာပေပွဲတော်ကျင်းပမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာ အဖွဲ့အစည်းများက ကလေးစာပေ ပွဲတော်ကျင်းပမည့် အစီအစဉ် များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကလေးများ စာပေဗဟုသုတရရှိရေး၊ ကလေး များ ဉာဏ်ရည်ထက်မြက်စေရေးနှင့် ကလေးများ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် ကလေးစာပေပွဲတော်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ကလေးများပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကလေးစာအုပ်ပြပွဲ၊ ကလေးကာတွန်းပြပွဲ၊ အမှတ်တရ ပုံတူရေးဆွဲခြင်း၊ မျက်လှည့်ပြပွဲ၊ ရော်ဘာရွံ့ရုပ်ပြုလုပ်ခြင်း၊ ကာတွန်းအရုပ်များဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဂျိုကာဝတ်စုံဖြင့် ကြိုဆိုခြင်း၊ နည်းပညာမိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ မျက်နှာဆေးခြယ်ခြင်း၊ ကလေး စာဖတ်ခန်း ဖွင့်လှစ်ပြသခြင်း၊ ဘောလုံးပစ်ပေါက် ကစားခြင်း၊ ကြိမ်ကွင်းစွပ်ကစားခြင်း၊ အရုပ်ဆက်ကစားခြင်းနှင့် စကားပုံ ဆက်စပ်ကစားခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment