Wednesday, October 26, 2016

မြို့နယ်စာကြည့်တိုက်များ ကွန်ရက်ဝင် စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲ သထုံတွင် ကျင်းပ

သထုံ   အောက်တိုဘာ    ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်စာကြည့်တိုက်များ ကွန်ရက်အတွင်းရှိ အဖွဲ့ဝင်စာကြည့်တိုက် များအား မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေရှင်းမှ ပေးပို့သည့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။



“ဒီကွန်ရက်ရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ကွန်ရက်ဝင်စာကြည့်တိုက်အားလုံးကို စုပေါင်း လေ့လာပြီး အားသာချက်၊ အားနည်းချက်တွေကို အဖြေရှာခဲ့ကြရာမှာ အဓိက က စာကြည့်တိုက် အားလုံးလိုလိုမှာ စာဖတ်ချင်သူတွေတော့ ရှိပေမယ့် စာအုပ်စာစောင်တွေ လိုအပ်နေတာကို တွေ့တယ်။ ဒါနဲ့ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းကို ချိတ်ဆက်ပြီး စာအုပ်တွေ တောင်းခံ ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း စာကြည့်တိုက်တွေရဲ့ လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ စုပေါင်းအဖြေရှာသွားမှာပါ” ဟု သထုံမြို့နယ်စာကြည့်တိုက်များ ကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး ဦးစောမြတ်ကိုကိုက ပြောသည်။
စာအုပ်လှူဒါန်းပွဲတွင် သထုံမြို့နယ်စာကြည့်တိုက်များကွန်ရက် ဥက္ကဋ္ဌ သင်းထော်ကျောင်းတိုက် ဆရာတော် ဦးအာသဘ က သြ၀ါဒစကားမြွက်ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက မြို့နယ်အတွင်း စာကြည့်တိုက်လုပ်ငန်း အခြေအနေများကို ဆွေးနွေးကာ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာအောင်က စာအုပ်လှူဒါန်းပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း ရှင်းလင်းပြောကြားခဲ့သည်။
သထုံမြို့နယ် စာကြည့်တိုက်များကွန်ရက်ကို ဒေသတွင်း ရပ်ရွာစာကြည့်တိုက်များ ဖြစ်ထွန်း ပေါ်ပေါက်လာရေး၊ ရှိပြီးသည့် စာကြည့်တိုက်များအား စနစ်တကျ ရေရှည်တည်တံ့စေရေး၊ စာဖတ်သူများတိုးပွားပြီး အရည်အချင်းပြည့်ဝသည့် လူချွန်လူကောင်းများ ထွက်ပေါ်လာစေရေး တို့အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က သထုံမြို့နယ်အတွင်းရှိ စာကြည့်တိုက်ပေါင်း ၂၀ တိုက် ဖြင့် စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းပွဲမှာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေရှင်းမှ ပေးပို့သည့်စာအုပ် ၅၀၀၀ ကျော်ကို သထုံမြို့နယ်စာကြည့်တိုက်များကွန်ရက်မှ ပထမဆုံးအကြိမ်အဖြစ် ကွန်ရက်ဝင် စာကြည့်တိုက်အားလုံးသို့ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment