Monday, October 3, 2016

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် အောက်တိုဘာ ၃
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး (၄၃) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ မေးခွန်း ၃ ခု မေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု တင်သွင်းခြင်းနှင့် အဆိုတစ်ခုအား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။

စစ်ကိုင်း မဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း ၏ စစ်ကိုင်း နည်းပညာ တက္ကသိုလ်အား တက္ကသိုလ် အဆင့်မီအောင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်၊ ဘွဲ့နှင်းသဘင် ခန်းမ တည်ဆောက်ခြင်းနှင့် (၃)ထပ်ဆောင် ဆောက်လုပ်ခြင်းအား ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ အမရပူရ မဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့် ၏ အမရပူရ မြို့နယ်ရှိ အခြေခံညာ ကျောင်းများနှင့် နိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများတွင် လိုအပ်လျက် ရှိသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်း ခန့်ထားနိုင်ရေး အတွက် မည်ကဲ့သို့စီမံ ဆောင်ရွက် နေကြောင်း သိလိုခြင်း မေးခွန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း ၏ မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် တွဲဖက် ဖွင့်လှစ်ထားသော မူကြိုတန်းများ၏ ကုန်ကျ စရိတ်ကို ပညာရေး ၀န်ကြီးဌာန အနေဖြင့် ကျခံပေးပါရန်နှင့် တရားဝင် ၀န်ထမ်း ခန့်ထားပါကလည်း မူလကနဦးစေတနာ လုပ်အားပေး ဆရာ၊ ဆရာမများအား ရွေးချယ် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က နည်းပညာ တက္ကသိုလ် (စစ်ကိုင်း)ရှိ သုံးထပ် စာသင်ကျောင်းဆောင်အား ပြီးစီးအောင် ဆက်လက် ဆောက်လုပ်ရေးနှင့် ဘွဲ့နှင်းသဘင် ခန်းမ ဆောက်လုပ်ရေး အပါအ၀င် အခြား လိုအပ်ချက်များဖြည့် ဆည်းပေးနိုင်ရေးတို့ အတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ တင်ပြ တောင်းခံသည့်အခါ ထပ်မံ ထည့်သွင်း တောင်းခံ သွားမည် ဖြစ်ပါကြောင်းနှင့် ထပ်မံ လိုအပ်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တောင်းခံ သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီး က အမရပူရ မြို့နယ်တွင် အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ၊ ဆရာမ (၁၁၃၅) ဦးကို ဖြည့်ဆည်း ခန့်ထားပေးခဲ့ကြောင်း၊ အမရပူရ မြို့နယ်အတွင်း ဆရာနှင့် ကျောင်းသား အချိုးမှာ အထက်တန်း အဆင့်တွင် ၁ အချိုး ၂၄ ၊ အလယ်တန်း အဆင့်တွင် ၁ အချိုး ၂၀ နှင့် မူလတန်းအဆင့်တွင် ၁ အချိုး ၄၅ ဖြစ်၍ သင့်တင့်မျှတမှု ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် ဆရာ၊ဆရာမ များကို ဖြည့်ဆည်း ခန့်ထားပေးနိုင်ရန် နောင် ပညာသင်နှစ်များတွင် စီစဉ် ဆောင်ရွက်လျှက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် မူလတန်းကြိုသင် ရပ်ရွာခန့်ဆရာ၊ ဆရာမများ၏ လစာငွေကို သက်ဆိုင်ရာ ကျောင်း များ၏ မူလတန်းကြို ကော်မတီဝင်များနှင့် ရပ်ရွာများမှ ရပ်မိရပ်ဖများ ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ရပ်ရွာမှ ခန့်ထားသည့် မူလတန်းကြို ပြင်ပဆရာ ၊ ဆရာမ များကို အစိုးရ၀န် ထမ်းများအဖြစ် ခန့်ထားပေးနိုင်ရေး အတွက် ပညာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသည့် မူဘောင် များနှင့် ကိုက်ညီပါက ဆရာဖြစ် သင်တန်းများ ခေါ်ယူသည့် အခါ လျှောက်ထား နိုင်ကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကို လက်ခံ ရရှိကြောင်း လွှတ်တော်သို့ ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်စိန် က သက်ကြီး ရွယ်အိုများ ဆိုင်ရာ ဥပဒေကြမ်း အစီရင်ခံကို ဖတ်ကြား တင်သွင်းသည်။
ထို့နောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ က အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို တိကျစွာဖော်ပြ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း ၏ အခြေခံပညာရေး ဥပဒေရေးဆွဲ ရာတွင် ကောင်းမွန် ပြည့်စုံပြီး လူထု သဘောထား အမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်း ပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေး အတွက် လူထု လူတန်းစား အလွှာစုံ ပါဝင်သော အခြေခံ ပညာရေး ဆွေနွေးပွဲအဆင့်ဆင့်ကို ကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေးကြသည်။
ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ က အဆိုတွင် အမျိုးသား ပညာရေး ဥပဒေ ရေးဆွဲစဉ် က လူထုလူတန်းစား အလွှာစုံ ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ် ခဲ့သော်လည်း နောက်ဆုံးတွင် ကျောင်းသူ ကျောင်းသားများက ၄င်းတို့၏ အဆိုပြုချက်များ မပါဝင်သည်ကို ဖော်ပြပြီး NNER ကို  ဖိတ်စာပေးပြီးမှ ဖျက်သိမ်းခဲ့သည့် အကြောင်းအရာ မပါဝင်သည်ကို တွေ့ရပါကြောင်း၊ အဆိုရှင် တင်ပြသည့် အခြေခံ ပညာရေးသည် ပညာရေး အားလုံး၏ ခိုင်မာရမည့် အခြေခံ အုတ်မြစ်ဖြစ်သည့် အချက်သည် မှန်ကန်ပါ ကြောင်း၊ တိုင်းပြည်၏ အခြေခံစီးပွားရေး အဆောက် အအုံပေါ်တွင် တည်ထားသည့် ပညာရေး၊ ကျန်းမာရေးစသည့် အပေါ်ထပ် အဆောက်အအုံများသည် အခြေခံပညာ အဆောက်အအုံ၊ အခြေခံ စီးပွားရေး အဆောက်အအုံ မခိုင်မှုများနှင့် ယိုင်နဲ့ခဲ့သည်မှာ ဆယ်စုနှစ် များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အတွက် ပညာရေးစနစ် နိမ့်ကျခြင်းနှင့်အတူ မိဘပြည်သူများ ပူးပေါင်း ပါဝင်မှုသည်လည်း အားနည်းသွားပါကြောင်း၊ ပညာရေး ၀န်ကြီးဌာနကို ပညာရှင်များ ကိုယ်တိုင် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မရှိခြင်း၊ ပညာရေး အသုံးစရိတ် အလွန်နည်းခြင်း၊ ပညာရေးနှင ပတ်သက်၍ ရင်းနှီးမြှုပ်နှံလိုစိတ် မရှိခြင်းတို့သည် ပညာရေး နိမ့်ကျသွားရခြင်း၏ အကြောင်းအရာများ ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်း ကွယ်ပျောက်ခြင်းနှင့်အတူ ပညာရေးစနစ် နိမ့်ကျသွားခြင်း ဖြစ်ပါကြောင်း၊ အဆိုရှင်တင်ပြသည့် ပညာရေး ၀န်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် စွမ်းဆောင်နိုင်မှု ဟူသည့် စကားရပ်သည် အလွန် ကျယ်ဝန်းပါကြောင်း၊ အသိနှင့် ဆင်ခြင်ရမည် ဖြစ်သည်ကို ပညာပေးရန် ပညာရေး ၀န်ကြီးဌာန တစ်ခုလုံးတွင် တာဝန်ရှိသည်ဟု ယူဆပါကြောင်း၊ အဆိုရှင်အနေဖြင့် ထိုအခက်အခဲများ ဖြေရှင်းနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကိုယ်စားလှယ်များ၊ သံဃာတော်များ၊ ပညာရေး မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပညာရေး ၀န်ထမ်းများ၊ ပုဂ္ဂလိက ကျောင်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် မြို့နယ်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့် ၊ ဗဟိုအဆင့် ဆွေးနွေးပွဲများ ကျင်းပပြီး ဆွေးနွေးပွဲ ရလဒ်များအား ဥပဒေကြမ်း ပြုသည့် အဖွဲ့သို့ ပေးပို့ ဆောင်ရွက်ရမည်ဟု ဆိုသည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံထက် ကြီးကျယ်သည့် ညီလာခံတစ်ရပ် ကျင်းပရဖွယ်ပင် ဖြစ်ကြောင်း၊ လက်ရှိအစိုးရသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ရေးရာကိစ္စအ၀၀ကို ပြည်သူလူထုနှင့် ထပ်တူ သိရှိနားလည်ထားပြီး ဖြစ်ကြောင်း၊ အမျိုးသား ပညာရေးဥပဒေကို အသစ်ရေးဆွဲသည် ဖြစ်စေ၊ ပြင်ဆင်သည်ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသည့် လွှတ်တော် နှစ်ရပ်အား ကျော်ဖြတ်ရမည် ဖြစ်သကဲ့သို့ သတင်းမီဒီယာများမှ တဆင့် ပြည်သူများထံ အသိပေးရဦး မည်ဖြစ်ကြောင်း၊ အဆိုသည် မလိုအပ်ဘဲ အနုစိတ်ခြယ်မှုန်း နေခြင်း ဖြစ်နေပါကြောင်း၊ အဆိုကို မထောက်ခံပါကြောင်း ဆွေးနွေးသည်။
သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင် က အဆိုသည် အခြေခံပညာရေး ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေး ဟူသည့် ရည်ရွယ်ချက်ကောင်းဖြင့် တင်သွင်းထားခြင်း ဖြစ်ပါကြောင်း၊ ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေး အတွက် အဓိကအားဖြင့် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိသည် ဖြစ်သော်လည်း ဥပဒေကောင်း တစ်ရပ် ပေါ်ပေါက်ရေး အတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်နိုင်ရေး သည် အရေးကြီးပါကြောင်း၊ အဆိုအရ ဆက်လက် ရေးဆွဲနေသည့် အခြေခံပညာရေး ဥပဒေသည်  နိုင်ငံအနှံ့အပြားရှိ ဒေသအမျိုးမျိုးမှ တိုင်းရင်းသားတို့ လက်တွေ့ အကောင် အထည်ဖော်ရမည့် ဥပဒေ ဖြစ်ပါကြောင်း၊ ပူးပေါင်းပါဝင်မှု အားနည်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေ ရေးဆွဲစဉ်က အခြေအနေ အချို့ကိုလည်း အဆိုရှင်က ထောက်ပြ ဆွေးနွေး ထားပါကြောင်း၊ ယခုရေးဆွဲ လျက်ရှိသည့် အခြေခံပညာရေး ဥပဒေတွင် တိုင်းရင်းသားများ၏ လိုအပ်ချက် သဘောဆန္ဒများကို ကြားနာ ထည့်သွင်း ရေးဆွဲသွားမည် ဆိုပါက ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို များစွာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းပါဝင် ရေးဆွဲနိုင်ရေး အစီအစဉ်သည် အမှန်တကယ် လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ပါဝင်ကူညီ စီစဉ် ဆောင်ရွက်ပေးနိုင်မှု များသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ပုံ စနစ်အရ ပညာရေးလိုက်လျော ညီထွေဖြစ်ရန် ပြုပြင် ပြောင်းလဲရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများ ကိုယ်တိုင် မလွဲမသွေ ပူးပေါင်း ပါဝင် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။
လူတိုင်းအကျုံးဝင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့်၊ အရည်အသွေး ပြည့်ဝသည့် ပညာရေးစနစ် ဖြစ်ပေါ်လာစေရန်နှင့် ဒီမိုကရေစီဝန်းကျင်တွင် လူတိုင်းအတွက် ဘ၀တစ်သက်တာ သင်ယူလေ့လာနိုင်သည့် အခွင့်အလမ်းများ မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို တန်ဖိုးထားသည့် မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းရှိသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် မတူကွဲပြားမှုရှိသည့် ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု များစွာရှိနေသည့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများကို အသိအမှတ်ပြုလက်ခံပြီး တန်းတူညီမျှသည့် အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်သည့် အခြေခံပညာရေး ဥပဒေဖြစ်ရန် များစွာအရေးကြီး ပါကြောင်း၊ တိုင်းရင်းသားများ အားလုံး၏ တန်းတူညီမျှရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည် တည်ဆောက်နေချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေမည့် အနာဂတ်၏ နိုင်ငံ့သားကောင်းများကို ကောင်းမွန်စွာ လေ့ကျင့် မွေးထုတ်ပေးနိုင်မည့် ပညာရေးစနစ် တစ်ခု မရှိမဖြစ် လိုအပ်ပါကြောင်း။
ကောင်းမွန်သည့် အခြေခံပညာရေး စနစ်တစ်ခုကို ပုံဖော်ပေးမည့် အခြေခံပညာရေး ဥပဒေ ကောင်းတစ်ခု ကောင်းမွန်စွာ ပေါ်ထွက်လာရေးကို အထူးအလေးထား လုပ်ဆောင်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင် က အဆိုနှင့် စပ်လျဉ်း၍ ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဆိုင်ရာ ဥပဒေကဲ့သို့သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်း၊ ပညာရေး နယ်ပယ်သည် ကျယ်ဝန်းနက်နဲပြီး (Formal, Informal, Non-formal Education) အစရှိသဖြင့် ပညာသင်ကြား သင်ယူကြသူများ၏ အခြေအနေကို လိုက်၍ သင့်လျော်သလို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ Education for All နှင့် All Inclusive Education ရရှိ စေရန် ပညာသင်ကြား သင်ယူကြသူများ၏ ကိုယ်စိတ် ကျန်းမာရေး အခြေအနေ၊ ဘာသာစကား၊ ပထ၀ီဝင် အနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွား အခြေအနေနှင့် နိုင်ငံတော်၏ ပညာရေး အသုံးစရိတ်စသည့် အချက်များကို မူတည်၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား သုံးသပ်ရမည် ဖြစ်ကြောင်း၊ ပညာ သင်ကြားရခြင်း၏ ရည်ရွယ်ချက် ထိရောက်စေရန် ပညာသင်ကြား သင်ယူမှု နည်းစနစ်များ၊ အရည်အသွေး စစ်ဆေး တိုင်းတာမှုစနစ်များ၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ ဆီလျော်မှုနှင့် ထိရောက်မှု ရှိစေရေးသည် လွန်စွာအရေးကြီးပြီး နယ်ပယ်စုံ၊ အလွှာစုံမှ ပါဝင်အကြံပြုချက်များ လိုအပ်မည် ဖြစ်ကြောင်း၊ အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် ပြည်သူလူထု၏ သဘောထားအမြင်နှင့် အကြံဉာဏ်များ ပူးပေါင်းပါဝင်မှု ထင်ဟပ်စေရန် Public Awareness, Public Education, Public Input , Public Interaction, Public Partnership အစရှိသည့် လုပ်ငန်းများကို ကျယ်ပြန့်စွာ အားပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုကို ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပညာရေးဆိုင်ရာ အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန် အခြေခံပညာ ကဏ္ဍတွင် မိဘဆရာအသင်းများမှ တစ်ဆင့် မိဘဆရာ ပူးပေါင်း ဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊  အခက်အခဲပြဿနာများ၊ ပြုပြင်သင့်သည့် အချက်များ၊ တိုးမြှင့်ဆောင်ရွက်ရမည့် ကိစ္စများကို ပွင့်လင်းစွာဆွေးနွေးပြီး အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့် အစီအမံများ ကို အမျိုးသား ပညာရေးဥပဒေနှင့်အညီ ပြည်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာလူ ထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများပါဝင် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုကို အတည် မပြုသင့်ကြောင်း ရှင်းလင်းဆွေးနွေးရာ အဆိုရှင် ဒေါက်တာ ဦးမောင်သင်းက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးမောင်သင်း၏ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒရယူရာ ထောက်ခံမဲ(၁၅၁)မဲ၊ ကန့်ကွက်မဲ (၂၃၀)မဲ၊ ကြားနေမဲ (၈)မဲဖြင့် အဆိုကို အတည်မပြုကြောင်း ကြေညာသည်။

No comments:

Post a Comment