Thursday, October 27, 2016

နေရပ်စွန့်ခွာလာသူများ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ မိမိတို့နေရပ်များသို့ ပြန်လည်ထွက်ခွာ

သတင်း - မင်းသစ်(သတင်းစဉ်)၊ ဓာတ်ပုံ-နေလင်း
စစ်တွေ အောက်တိုဘာ ၂၆
စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ရှိ ကယ်ဆယ် ရေးစခန်းများ တွင်ရောက်ရှိနေသူ အများစုသည် နယ်မြေ တည်ငြိမ်အေးချမ်း လာပြီဖြစ်သည့်အတွက် မိမိတို့နေရပ် အသီးသီးသို့ ပြန်လည် ထွက်ခွာသူဦးရေများလာကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်ခေတ္တ စွန့်ခွာလာသူများ ယာယီထားရှိရာ ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၃၆ စုမှ လူဦးရေ ၁၁ဝ သည် စစ်တွေမြို့ သင်္ဘောဆိပ်မှ ရွှေပြည်တန်အမြန်ရေယာဉ် ဖြင့် မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်သွားရောက်နေပြီ ဖြစ်သည်။
''ဒီနေ့ပြန်တာကမောင်တောတောင်ပိုင်း မောရဝတီ၊ အောင်သာယာ၊ ကန်သာယာကျေးရွာတွေက ဒေသခံ တွေပါ။ ဒီနေ့နဲ့ဆို သူတို့နေရပ်ပြန်တာ လေးသုတ်ရှိပါပြီ။ နေရပ်ပြန်တာအားလုံးပေါင်း လူဦးရေ ၃ဝဝ ခန့် ရှိပါတယ်။ ပြည်နယ် အစိုးရအနေနဲ့လည်း ကျေးရွာတွေအထိ ကွင်းဆင်းကြည့်ပြီး နေရပ်ပြန်လည်ရောက်ရှိလာတဲ့ ဒေသခံတွေရဲ့ နေရေးစားရေး လိုအပ်ချက်တွေရှိရင်လည်း ဖြည့်ဆည်းပေးသွားပါမယ်''ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ပြန်သူများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သောင်း၊ ရေယာဉ် လက်မှတ်ခ၊ တစ်ပတ်စာ ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနကလည်း အိမ်အသုံး အဆောင်ပစ္စည်းများနှင့် နာရေးကူညီမှုအသင်း(စစ်တွေ)ကလည်း စစ်တွေမြို့ ပေါ်ရှိ အလှူရှင်များထံမှ ကောက်ခံရရှိသည့် လှူဒါန်းငွေများဖြင့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်ငါးသောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်းများရှိ နေရပ်ခေတ္တစွန့်ခွာသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အင်္ဂလန်မှရောက်ရှိနေသည့် ဆရာဝန်ကြီးဦးစိုးလွင်က ''စစ်တွေမြို့ ဓညဝတီအားကစားကွင်းမှာရှိတဲ့သူတွေကို ကျန်းမာရေးစောင့် ရှောက်မှုဆေးကုသ မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အခု ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေက ပြည်သူတွေ ကိုလည်း ဆက်လက်ပြီး ကုသပေးသွားပါမယ်။ အထူးသဖြင့် ဒီမှာရှိတဲ့သူတွေက အာဟာရ ချို့တဲ့တာတွေ့ရတယ်။ အာဟာရ ချို့တဲ့တာများရင်တော့ ကျန်တဲ့ရောဂါတွေ ဝင်လာနိုင်တယ်''ဟု ပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ယာယီကယ်ဆယ်ရေးစခန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်ခေတ္တ စွန့်ခွာ လာသူဦးရေ ၃ဝဝဝ ခန့်ရှိနေပြီး လက်ရှိအခြေအနေတွင် မိမိတို့နေရပ် အသီးသီးသို့ ပြန်လည်သွားရောက်နေထိုင်သူဦးရေ များလာကြောင်း သိရသည်။

No comments:

Post a Comment