Tuesday, October 4, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၄၄) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် အောက်တိုဘာ ၎

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၄၄) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၂ ခု မေးမြန်းဖြေကြားပြီး အဆိုတစ်ခုအား ဆွေးနွေးခဲ့ကြသည်။


နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်၊ ဒုံဟီးမြို့နယ်ခွဲ တို့တွင် GSM – 3G ဖုန်းလိုင်းများအား မည်သည့်အချိန်တွင် အပြီးတပ် ဆင်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး ၏ အင်းစိန်မြို့နယ် အတွင်းရှိ မီးရထားစက်ခေါင်း စက်ရုံနှင့် မီးရထား အိမ်ရာဝင်း အတွင်းရှိ အလုပ်သမား ၀န်ထမ်းမိသား စု အိမ်ခန်းများနှင့် လိုင်းခန်းများတွင် ၂၄ နာရီ လျှပ်စစ် မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆက်သွယ်မှုရ ရှိစေရန် နန်းယွန်းမြို့နှင့် ပန်ဆောင်မြို့များတွင် လိုင်းအင်အား ၇၅၀ ပါ CDMA-450 MHZ စခန်း တစ်ခုစီဖွင့်လှစ်၍ မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်များ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဒုံဟီးမြို့နယ် တွင်လည်း တယ်လီဖုန်းလိုင်း ၄ လိုင်းပါ MPT Satellite Terminal ဆက်သွယ်ရေးစခန်း ၁ ခုဖွင့် လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒုံဟီးမြို့နယ်တွင် GSM 3G စနစ်မိုဘိုင်း ဆက်သွယ်ရေးစခန်း တည်ဆောက်လျက်ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လကုန်ခန့်တွင် 3G မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နန်းယွန်း မြို့နယ်နှင့် ပန်ဆောင်မြို့နယ်ခွဲများတွင် တာဝါတိုင် အစားထိုး တည်ဆောက်ပြီးမှသာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ပြည်ပဆက်သွယ်ရေးအော် ပရေတာများကိုလည်း ကွန်ရက်များတိုးချဲ့ တည်ဆောက်သွားနိုင်ရေး တိုက်တွန်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် နယ်စွန်နယ်ဖျားအားလုံး ဆက်သွယ်ရေး စနစ်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က အင်းစိန်မီးရထား စက်ခေါင်းစက်ရုံနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာ့မီးရထား ၀န်ထမ်းအိမ်ရာတွင် ၂၄ နာရီလျှပ်စစ်မီးအချိန် ပြည့်ရရှိစေရန် လိုအပ်သည့် မီတာ၊ Transformer နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ရေးအတွက် YESC နှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်၍ ကုန်ကျငွေအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာ နှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်း လျာထား တောင်းခံသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေခွင့်ပြုချက် ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့် ၏ မီးရထားသယ်ယူ ပို့ဆောင်ရေးကဏ္ဍကို ယခုထက် ပိုမိုရင်းနှီးမြုပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်း မြှင့်တင်ပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတို့က ထောက်ခံဆွေးနွေးကြသည်။

ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည် က မီးရထားစီးနင်းခြင်း၏ ကောင်းကျိုးများ ကြောင့် ပြည်သူများသည် ရထားစီး၍ ခရီးနှင်လိုကြသည်မှာ အမှန်တရားပင်ဖြစ်ကြောင်း၊ သို့သော် ထိန်းသိမ်းပြုပြင်မှု နည်းပြီး ခေတ်မမီတော့သည့် ရထားပို့ဆောင်ရေးကြောင့် ပြည်သူများ အခြားသော ခရီးလမ်းကြောင်းများကိုသာ ရွေးချယ် ခရီးနှင်နေကြရကြောင်း၊ မီးရထား သယ်ယူပို့ဆောင်ရေး ကဏ္ဍဖွံဖြိုး တိုးတက်မည်ဆိုပါက ပြည်သူများ အတွက် ငွေကြေးကုန်ကျမှုများစွာ သက်သာမည် ဖြစ်ကြောင်း၊ ကုန်စည် စီးဆင်းမှုမြန်ဆန်ပြီး စရိတ်အကုန်အကျ နည်းမည် ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကိုလည်း တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး ကဏ္ဍ၏ လိုအပ်ချက်များကို ပြင်ဆင်သင့်ကြောင်း၊ ရထားများ၏ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် မှန်ကန်ရေး ကိုလည်း အမြဲ စစ်ဆေးသွားရမည်ဖြစ်ကြောင်း၊ ၀န်ထမ်း အခွင့်အရေးနှင့် ၀န်ထမ်းများ ခန့်ထားနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရထားလက်မှတ် ရောင်းချရေးစနစ်ကိုလည်း ပြောင်းလဲသင့်ပါကြောင်း၊ မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို အရှုံးခံရင်းနှီး မြှုပ်နှံပေးသင့်ကြောင်း၊ မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ရင်းနှီး မြှုပ်နှံသင့်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က မျက်မှောက်ကာလတွင် ကားလမ်းကိုသာ အဓိကထား အသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လမ်းများပိုမို ကောင်းမွန်လာခြင်း၊ ယာဉ်လိုင်းများ အပြိုင်အဆိုင်ပြေးဆွဲခြင်း၊ ၀န်ဆောင်မှုကောင်းခြင်း၊ အချိန် မြန်ဆန်ခြင်းနှင့် Door to Door ရောက်ရှိနိုင်ခြင်း တို့ကြောင့် ကားလမ်းကို အသုံးပြု နေကြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မီးရထားသယ်ယူပို့ဆောင်ရေးကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြပါကြောင်း၊ အဓိက အကြောင်းအရင်းမှာ အချိန်တိကျမှုနှင့် ငွေကြေးအကုန် အကျသက်သာ ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မြန်မာ့မီးရထား ကဏ္ဍကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်လိုက် ရည်မှန်းချက်များချမှတ်ကာ တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မီးရထား ပို့ဆောင်ရေးကဏ္ဍ အရှုံးပေါ်နေသည်ကို အဖြေရှာရန် လိုအပ်ကြောင်း၊ မီးရထား ရင်းနှီးမြှုပ်နှံမှုသည် ငွေကြေးအင်အားလွန်စွာ များပြားပြီး ရေရှည်ဆောင်ရွက်မှသာ အကျိုးအမြတ်ရရှိနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ပါဝင် စားလာရန် ရေရှည်ခိုင်မာပြီး အာမခံချက်ရှိသည့်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ရေရှည် အကျိုးစီးပွားကို ရှေးရှုသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ နည်းဥပဒေများကို ထုတ်ပြန် အကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားကဏ္ဍ အဆင့်မြင့်မား လာစေရန် ဘဏ္ဍာငွေတိုးမြှင့် ထောက်ပံ့မတည်ပေးခြင်း၊ မီးရထားပို့ဆောင်ရေးဌာနအနေဖြင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍကို အားဖြည့်မြှင့်တင်ဝင်ငွေရှာပြီး ရေရှည်ရပ်တည်နိုင်ရန် ကြိုးပမ်းခြင်း နှင့် ခရီးသည်ဝန်ဆောင်မှုများ တွင်လည်း ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံစေခြင်းတို့ဖြင့် မြန်မာ့မီးရထား ပို့ဆောင်ရေး ကဏ္ဍ နိုင်ငံတကာ အဆင့်မီနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၅ နှစ်အတွင်း အားလုံးပြီးစီးအောင် မလုပ်နိုင်သည့်အတွက် အဆိုကို မှတ်တမ်းတင်ပေးနိုင်ရန် ဆွေးနွေးသည်။


ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။

No comments:

Post a Comment