Friday, October 21, 2016

ကလေးသူငယ်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်းများ အကောင်အထည် ဖော်ရေး အဆင့်မြင့် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၁
ကလေးသူငယ်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်းများ အကောင် အထည်ဖော်ရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပသည်။

အဆိုပါ အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲကို ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNICEF တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး လေးသူငယ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်းများနှင့် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရန်အတွက် လိုအပ်သည့် မူဝါဒဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များ ပေါ်ပေါက်လာစေရန် ရည်ရွယ် ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က “မြန်မာ့ကလေးများ ဖွံ့ဖြိုးဖို့ ရည်မှန်းချက်အသစ်နှင့် ရလဒ်သစ်များဖြင့် အားထုတ်စို့” ဆောင်ပုဒ်ဖြင့်ကျင်းပသည့် ယခုညှိနှိုင်း ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အဓိပ္ပာယ်ရှိပြီး ဆောင်ရွက်သင့်သည့် အချိန်အခါဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ ဒသမ ၄ သန်းကျော်ရှိသည့်အနက် ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သော ကလေးများအတွက် ကလေးသူငယ်ဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်ဖြစ်သည့် မဟာဗျူဟာ စီမံချက်များထားရှိရန် အလွန်အရေး ကြီးပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအဖွဲ့ဝင်ဖြစ်သည့်အတွက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ခုကို လက်ခံဆောင်ရွက် နေပါကြောင်း၊ ၎င်းပန်းတိုင်များတွင် နေရာအနှံ့ဆင်းရဲမှု ပုံစံအားလုံး အဆုံးသတ်ရေး ပါဝင်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှ တရေးနှင့် တန်းတူ အခွင့်အရေးများ ရရှိနိုင်ရေးအတွက် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ်ကျင့်သုံးနေပါ ကြောင်း၊ သိသာထင်ရှားသည့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း။
ယနေ့ကျင်းပသည့် အဆင့်မြင့်ညှိနှိုင်းဆွေးနွေးပွဲသည် ကလေးသူငယ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည် ဖော်ဆောင်ရေးအတွက် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သည့် အကြံပြုတင်ပြချက်များ ရရှိနိုင်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် UNICEF မှ ဌာနကိုယ်စားလှယ် Mr.Bertrand Bainvel က မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခြေအနေကို ဆန်းစစ်လေ့လာမှုများအရ ကလေးသူငယ် ၅၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးဆဲဖြစ်ကြောင်း။ ကလေးသူငယ် ၃၀ ရာခိုင်နှုန်းသည် သန့်ရှင်းသောသောက်သုံးရေ မရရှိခြင်းနှင့် ၂၀ ရာခိုင်နှုန်းသည် အိမ်သာသုံးစွဲနိုင်မှု မရှိကြောင်း၊ ကျောင်းနေရွယ်ကလေးများ၏ ၂၅ ရာခိုင်နှုန်းခန့်သည် ကျောင်းနေနိုင်ခြင်းမရှိ ပါကြောင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များ၏ အသံ “ A new Myanmar for us ” ဗွီဒီယိုအား ပြသည်။
ထို့နောက် UNICEF မှ Policy Advocacy Officer ဒေါ်ဂျီလီယံ စန်းစန်းအေးမှ ကလေးလူငယ်များ၏ အခြေအနေကိုလည်းကောင်း၊ Dr. Aniruddha Bonnerjee က “Presentation of latest set of data and analysis on children what it mean for Myanmar ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ Ensuring the best start in life for every child ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမျိုးသိမ်းကြီးက“ Meeting the right to quality education for every child ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က“ Protecting the right of children in conflict with the law , child victims and witnesses , including in contexts of violence, trafficking and exploitation ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ ကလေး သူငယ်ဆိုင်ရာ အချက် အလက်များ၊ SDGs ရည်မှန်းချက်တွင် ပါဝင်သည့် ကလေးသူငယ် ဆိုင်ရာ ရည်မှန်းချက်များ၊ ညွှန်ကိန်းများ၊ ငြိမ်းချမ်းမှုမရှိသည့် နယ်မြေများတွင် ကလေး သူငယ်များ၏ ထိခိုက်နစ်နာမှုများ၊ အမျိုးသားစီမံကိန်းများတွင် ထည့်သွင်းပါဝင်ရေး ကိစ္စ ရပ်များ၊ Child related SDGs စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင် ရေးအတွက် ဘဏ္ဍာငွေရရှိရေး၊ ခွဲဝေအသုံးပြုရေးကိစ္စရပ်များ၊ နည်းပညာ အကူအညီ ရရှိရေးကိစ္စများကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးများ၊ ပညာရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့်လူမှုရေး ၀န်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ကျွမ်းကျင် ပညာရှင်များ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် NGO၊ INGO များ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

No comments:

Post a Comment