Friday, October 21, 2016

သီလ၀ါအထူးစီးပွားရေးဇုန် (B) တည်ဆောက်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၁
မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးမိတ်ဘက်အဖြစ် သီလ၀ါ စီးပွားရေးဇုန်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံဘက်မှ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ Ministry of Economy, Trade and
Industry  တို့က Memorandom of Coorporation   လက်မှတ် ရေးထိုးခဲ့ရာမှ သမိုင်းတွင်သည့် မှတ်တိုင်တစ်ခုဖြစ်ခဲ့ ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါ့ခ်ရွိုင်ရယ်လ်ဟိုတယ် ပိတောက်ခန်းမ၌ ကျင်းပသည့် သီလ၀ါ အထူးစီးပွားရေးဇုန် (B) တည်ဆောက်ရေး စာချုပ်လက်မှတ် ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်ပြီး ယနေ့ဆိုပါက လုပ်ငန်းအောင်မြင်မှုအတွက် အတူတကွ ရှေ့ဆက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဆိုသည်ကို ၀မ်းသာအားရစွာ တွေ့ရှိရပါကြောင်း  လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သီလ၀ါအထူးစီးပွားရေးဇုန် ဘက်စုံတည် ဆောက်ရေး ဆက်စပ်အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အကောင် အထည်ဖော်ရေးနှင့် သီလ၀ါအထူး စီးပွားရေးဇုန်အား နိုင်ငံတကာအဆင့်မီ ဇုန်တစ်ခု ဖြစ်ပေါ်လာစေရေး စသည့် ဆောင်ရွက် ချက်များတွင် အဘက်ဘက်က ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူပေါင်း (၇၂) ဦးကို ခွင့်ပြုထားပြီး စီးပွားဖြစ်စက်ရုံများ လည်ပတ်နေပြီဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပို့ကုန်များ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ တိုးတက် လာပြီဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားကာ လာရောက်ရင်းနှီးမြှုပ်နှံကြရာ  ယနေ့ဆိုလျှင် ဒုတိယအဆင့် Zone (B) ၁၀၁ ဟက်တာကို  လက်မှတ်ရေးထိုးတော့မည်ဖြစ်ပါ ကြောင်း၊ ယင်းအချက်သည် ရှေ့ဆက်လက်သွားမည့် အောင်မြင်မှုမှတ်တိုင်တစ်ခု ဆက်လက်ထူထောင်ခြင်းဖြစ် ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂူချီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ သီလ၀ါအထူးစီးပွားရေးစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဂျပန်သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် တာဝန်ရှိသူများက သီလ၀ါအထူးစီးပွားရေးဇုန် (B) တည်ဆောက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

No comments:

Post a Comment