Monday, October 10, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ ကိုရီးယားသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ဗန်ကောက်  အောက်တိုဘာ ၁၀
ဒုတိယအကြိမ် အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (အေစီဒီ) တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်  ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ၀န်ကြီးချုပ်မစ္စတာ ဟွန်ကျိုးဟန်နှင့်လည်းကောင်း၊ ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးမစ္စတာ အယ်လ်ဖွန်ဆိုဂျီကူစီနှင့် လည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံသည်။

ကိုရီးယားနိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရေးနှင့် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှ တစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။
အလားတူ ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံစဉ် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့် ACD Conference on Energy Security and Substainability ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ထုတ်ယူရေးဆိုင်ရာ  အတွေ့အကြုံ နည်းပညာများကို မျှဝေပေးရေး၊ နှစ်နိုင်ငံ စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံး တို့ကို လှည့်လည် ကြည့်ရှုပြီး မြန်မာသံအမတ်ကြီး နေအိမ်၌ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့်တွေ့ဆုံ အားပေးစကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား မြန်မာသံအမတ်ကြီးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အလားတူ အေစီဒီ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ရောက်ရှိနေသည့် အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျသည် အောက်တိုဘာ ၈ ရက်ညပိုင်းက ထိုင်းနိုင်ငံ Plaza Athenee ဟိုတယ်၌ ကျင်းပသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်း၏ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ညစာစားပွဲတွင် ဒုတိယအကြိမ် အေစီဒီ ထိပ်သီးအစည်းအဝေး၏ ဘန်ကောက်ကြေညာစာတမ်း၊ အာရှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အေစီဒီအဖွဲ့၏ ရှေ့မျှော်မှန်းချက် ၂၀၃၀ နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက်မှုဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်သော အေစီဒီ ကြေညာစာတမ်းတို့ကို ထုတ်ပြန်ရန်နှင့် အေစီဒီ ယာယီ အတွင်းရေးမှူးချုပ်ရုံးအား အမြဲတမ်းရုံးအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

No comments:

Post a Comment