Monday, October 10, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ အာရှပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ (အေစီဒီ) သို့ တက်ရောက်ဆွေးနွေး

ဗန်ကောက် အောက်တိုဘာ ၁၀
ဒုတိယအကြိမ် အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (အေစီဒီ) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်သည်။
ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ဒုတိယသမ္မတဦးမြင့်ဆွေသည် အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့် အတူ ထိပ်သီးအစည်းအဝေးကျင်းပမည့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိကြရာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာက ခင်မင် ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အေစီဒီ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက် ဗီဒီယိုအသံဖိုင်ကို ဖွင့်လှစ်ပြီး အစည်းအဝေး သဘာပတိ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပထမအကြိမ် အေစီဒီ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ကူဝိတ်နိုင်ငံ စော်ဘွား Sheikh Sabah Al-Ahmad Al-Jabar Al-Sabah နှင့် အေစီဒီ အလှည့်ကျ သဘာပတိ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး H.E.Dr. Thani Alzeyoudi တို့က မိန့်ခွန်း ပြောကြားကြသည်။
ထို့နောက် ဒုတိယအကြိမ် အေစီဒီထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက မိန့်ခွန်းများ ပြောကြားကြသည်။
ဒုတိယသမ္မတဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ ချန်အမ်းမြို့၌ စတင်ဖွဲ့စည်းခဲ့သည့် အေစီဒီအဖွဲ့သည် ယခုအချိန်တွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ထိရောက်မှုရှိရှိဖြင့် ဆောင်ရွက်နေ သည့် အဖွဲ့တစ်ခု အဖြစ် မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ အေစီဒီသည် ယနေ့ခေတ် ကမ္ဘာကြီး၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မြဲသည့် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါကြောင်း။
အာရှတိုက်သည် ကမ္ဘာ့အကြီးဆုံးနှင့် ကွဲပြားခြားနားမှု အများဆုံးဒေသကြီးတစ်ခုဖြစ်ပြီး ကမ္ဘာမြေဧရိယာ၏ ၃၀ ရာခိုင်နှုန်း ခန့် ကျယ်ဝန်းပါကြောင်း၊ ထို့ပြင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် အာရှဒေသတွင် နေထိုင်လျက်ရှိရာ ကြီးမားသော စီးပွားရေး ဈေးကွက်ကို ဖန်တီးပေးနိုင်သည့်အပြင် လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝသည့်ဒေသလည်း ဖြစ်ပါကြောင်း။
အာရှဒေသသည် ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သောဒေသဖြစ်ပြီး ကမ္ဘာ့စီးပွားရေး၏ တွန်းအားစုလည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုတွင် အာရှဒေသ၏ ပါဝင်မှုသည် တိုးမြင့်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၌ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါကြောင်း၊ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ စွမ်းအင်ဖူလုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ယခင်ကထက် ပိုမိုချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အေစီဒီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာမှ တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ယင်းနောက် အေစီဒီထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ အေစီဒီ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တွေ့ဆုံ၍ အနာဂတ် အေစီဒီ၏ ပုဂ္ဂလိကကဏ္ဍ ဆိုင်ရာအကြံပြုချက်များကို ဆွေးနွေးခြင်း၊ အေစီဒီအထွေထွေ အတွင်းရေးမှူး Mr. BunditLimschoon မှ အေစီဒီ အစည်းအဝေး ရလဒ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို တင်ပြခြင်း၊ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးဆိုင်ရာ ကြေညာချက် စာတမ်းများကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြပြီးထိုင်းနိုင်ငံ ၀န်ကြီးချုပ်က နိဂုံးချုပ်မိန့်ခွန်းပြောကြားသည်။
ဒုတိယအကြိမ် အေစီဒီ ထိပ်သီးအစည်းအဝေးမှ ဘန်ကောက် ကြေညာစာတမ်း၊ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အေစီဒီအဖွဲ့၏ ရှေ့မျှော်မှန်းချက် ၂၀၃၀ နှင့် အဖွဲ့ဝင် နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက်မှုဖြင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို ရည်ရွယ် သော အေစီဒီကြေညာစာတမ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အေစီဒီ ယာယီအတွင်းရေးမှူးချုပ်ရုံး အား အမြဲတမ်းရုံးအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် သဘောတူညီခဲ့သည်။
အာရှပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ ဟွာဟင်းမြို့၌ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှနိုင်ငံများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း၃၄နိုင်ငံ ပါဝင်လျက် ရှိသည်။ အေစီဒီ ပူးပေါင်း ဆောင်ရွက်မှုများတွင် အာရှဒေသတွင်းအပြန်အလှန် မှီခိုအားထားမှု တိုးမြှင့်ခြင်းဖြင့် အာရှဒေသ ၏ ဘုံခွန်အားစုနှင့် အခွင့်အလမ်းများကို ပြသနိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်တွင် အာရှစီးပွားရေး အသိုက်အ၀န်း ထူထောင်ရေး၊ အာရှဒေသတွင်း ကုန်သွယ်ရေးနှင့် ငွေကြေးဈေးကွက်တိုးမြှင့်နိုင်ရေး၊ အာရှနိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုညီမျှစေရေးတို့ကို ရည်ရွယ်၍ နိုင်ငံပေါင်း ၁၈ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် စတင် တည်ထောင်ဖွဲ့စည်းချိန်ကပင် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ 
အေစီဒီသည် စည်းကမ်းဘောင်များ တင်းကြပ်စွာချမှတ်ပြီး တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းမျိုး မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကို လွတ်လပ်စွာ ဆွေးနွေးနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။

အေစီဒီအဖွဲ့အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးနှင့် အဆင်မြင့် အရာရှိကြီးများ အစည်းအဝေးတို့ကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ်ကာလအတွင်း သီးသန့်အစည်းအဝေးကျင်းပ၍ အဖွဲ့၏ဆောင်ရွက်ထားရှိပြီးဖြစ်သည့် လုပ်ငန်းဆောင်ရွက် ချက်များနှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံတကာ၌ ဖြစ်ပွားနေသော အရေးကိစ္စများ အာရှဒေသသို့ သက်ရောက်လာမှု အခြေအနေများ သုံးသပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ 

No comments:

Post a Comment