Thursday, October 27, 2016

ကလေးစာပေပွဲတော် အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၆
၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် ကလေး စာပေပွဲတော် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက်မြင့်မားရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် ပညာရေးညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ပညာရေး ညွှန်ကြားရေးမှူး ဦးစိုးဝင်းက တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက် မြင့်မားရေး အတွက် တာဝန်ရှိသော ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ဘာသာရပ်သင် ဆရာ ဆရာမများ အနေဖြင့် မိမိတို့၏လုပ်ငန်းများ တိကျသေချာစွာ ဆောင်ရွက်ကြ ရန်၊ ကျောင်းသား ကျောင်းသူ များအပေါ် မှန်ကန်သော ဆုံးဖြတ်ချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန်မှာကြားပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ ကလေးများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျင်းပပေးမည့် ကလေးစာပေပွဲတော်ကို မိမိတို့ပညာရေး ဝန်ထမ်းများအနေဖြင့် လည်း အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အခြေခံပညာကျောင်းများအလိုက် ကြိုတင်ဆောင်ရွက် ထားကြရန် ဆွေးနွေး မှာကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ ဒက္ခိဏ သီရိခရိုင်ပညာရေးမှူး ဦးဝင်းသိန်း၊ ဥတ္တခရိုင်ပညာရေးမှူး ဦးကြည်ရွှင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ဆရာ ဆရာမများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

သန့်မောင်

No comments:

Post a Comment