Thursday, October 27, 2016

ရခိုင်ပြည်နယ် မောင်တောဒေသတွင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းမှုနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွား ခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မတော်စစ်ကြောင်း များမှ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက်က မသင်္ကာတရားခံ ခြောက်ဦး ဖမ်းဆီးခဲ့မှုနှင့် ၎င်းအနက်မှ တစ်ဦးမှာ အောက်တိုဘာ ၁၇ ရက်က ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့မှု ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာတွင် ကောလာဟလသတင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ချက်များအရ အောက်တိုဘာ ၁၄ ရက်က တပ်မတော်စစ်ကြောင်းသည် မောင်တော မြို့နယ် ရီဒါးကျေးရွာအား ရှင်းလင်းစဉ် မသင်္ကာသူ ခေါ်ရီမူလာ(၆ဝ)နှစ် (ဘ)အဘူဟာရှိန်း ရီဒါးကျေးရွာ နေသူအပါအဝင် သားသုံးဦးနှင့် ၎င်း၏ညီဖြစ်သူ နှစ်ဦး စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးရမိသဖြင့် ကြိမ်ချောင်း နယ်မြေရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း၊ ဖမ်းဆီးရမိ မသင်္ကာတရားခံများအနက်မှ ခေါ်ရီမူလာအား တပ်မတော်မှ တာဝန်ရှိသူများက အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် ရဲစခန်းအချုပ်မှထုတ်၍ စစ်မေးခဲ့ပြီး အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ရဲစခန်းအချုပ် သို့ ပြန်လည်ပို့ဆောင်စဉ် ၎င်းသည် တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်လုယူခဲ့သဖြင့် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းခဲ့ရာ သတိလစ်မေ့မြောသွားခဲ့ကြောင်း၊ ၎င်းအား မောင်တောဆေးရုံသို့ ယာဉ်ဖြင့်ပို့ဆောင်စဉ် လောင်းဒုံရွာ အနီးသို့ အောက်တိုဘာ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်က ရောက်ရှိချိန်တွင် သေဆုံးခဲ့သဖြင့် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မသင်္ကာတရားခံဖြစ်သူ ခေါ်ရီမူလာသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်လှစ်ပြီး ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment