Thursday, October 13, 2016

ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မောင်တောမြို့ပေါ် အနီးဝန်းကျင် ရပ်ကွက်ကျေးရွာ အုပ်စုရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံ


မောင်တော အောက်တိုဘာ၁၂

ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မောင်တောမြို့ပေါ် အနီးဝန်းကျင်ရပ်ကွက် ကျေးရွာ အုပ်စုရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ညနေ(၆)နာရီ ၁၅မိနစ်တွင် ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးတွင် ကျင်းပသည်။


တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့် ပြသနာများအပေါ် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေသည်ကို သိရှိပါကြောင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက် အလုပ်အကိုင်များ ပျက်ယွင်းပြီး စိုးရိမ်ပူပန်မှုရှိသည်ကို သိရှိပါကြောင်း ဒေသတည်ငြိမ် အေးချမ်းရေး အတွက် နည်းလမ်းများ ရှာဖွေရန် လာရောက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု မရှိပါက စားဝတ်နေရေးများ ထိခိုက်နိုင်ကြောင်း တည်ငြိမ် အေးချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ယခု တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့်အတွက် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေရကြောင်း တည်ငြိမ်မှု ပျက်ပြားအောင် ဆောင်ရွက်သည့် သူများနှင့် အဖွဲ့အစည်းများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မည်သည့် အကြမ်းဖက်မှုမျိုးနှင့် ဥပဒေ ချိုးဖောက်တာခြင်းကို လက်မခံဘဲ ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


တက်ရောက်လာကြသူများက နောက်ထပ် အလားတူမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အခက်အခဲ အနေဖြင့် ခရီးသွားလာနေသူများ သွားလာမှု လွယ်ကူစေရန်အတွက် ဆောင်ရွက်ပေးစေ လိုကြောင်း၊ ယခုဖြစ်ပျက်သွားသည့် အကြမ်းဖက်မှုများကို မိမိတို့ အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ကျူးလွန် သူများကိုလည်း ထိထိရောက်ရောက် အရေး ယူပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ပြဌါန်းထားသည့် ဥပဒေများကို လေးစား လိုက်နာလျက်ရှိကြောင်း ပြောကြားသည်။

No comments:

Post a Comment