Friday, October 28, 2016

ပြည်သူများစားသုံးရန်မသင့်သည့် ဓာတုဗေဒပစ္စည်းပါဝင်နေသော အအေးခဲအသားများ ဖမ်းဆီး မီးရှို့ဖျက်ဆီး

မြိတ် အောက်တိုဘာ ၂၇
ပြည်သူများစားသုံးရန်မသင့်သည့် ဓာတုဗေဒပစ္စည်းပါဝင်နေသော ယိုးဒယားနိုင်ငံထုတ် အအေးခဲအသားများကို ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာသည့် မိုးကောင်းကင် ယာဉ်လိုင်းမှ ယာဉ်မောင်း အောင်မြင့်စိုး မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ကားတွင် အောက်တိုဘာလ(၂၇)ရက် နံနက်(၃)နာရီခန့်က သတင်းအရ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကားဝင်းအတွင်း ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ဆာလာအိတ်ဖြင့် တင်ဆောင်လာသည့် အအေးခဲကြက်သားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




ဖမ်းဆီးရမိခဲ့သော အအေးခဲကြက်သားများမှာ (၇၀)ကီလိုဂရမ်ပါ(၉)အိတ်၊ (၆၀)ကီလိုဂရမ်ပါ(၁)အိတ် စုစုပေါင်း အလေးချိန် (၆၉၀) ကီလိုဂရမ်  ကာလတန်ဖိုး(၆၀၀၃၀၀၀)ကျပ်တို့အား တွေ့ရှိရ၍ စားသုံးသူများအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေမည့် အအေးခဲကြက်သားအား တင်ဆောင်လာသည့် ယာဉ်မောင်းအား အစားအသောက်နှင့် ဆေးဝါးဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲတပ်ဖွဲ့ စခန်းမှ သိရသည်။

ဖမ်းဆီးခဲ့သည့် အအေးခဲအသားများအား ညနေ(၅း၃၀)နာရီက ဘာသာစုံ သုသာန်အနီး အမှိုက်များဖျက်ဆီးသည့် နေရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးများ ကြီးကြပ်ကွပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ စားသုံးသူများအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများအား ရောင်းချခြင်း၊ ဖြန့်ဖြူးသယ်ဆောင်ခြင်း မရှိစေရေးအတွက် တာဝန်ရှိသူများက ရှောင်တခင် ရှာဖွေ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )



No comments:

Post a Comment