Friday, October 28, 2016

ဝက်လက်မြို့တွင် နည်းပညာ အထောက်အကူပြု ကွန်ပျူတာ သင်တန်းဆင်း


ဝက်လက် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၆) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်တို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၄၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၁)လကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နည်းပညာ တိုးတက်နေသော ယခုခေတ်တွင် ကျွန်တော်တို့ လူငယ်တွေအတွက် ကွန်ပျူတာသုံးစွဲနည်း ပညာကို တတ်မြောက်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ ကျေးလက်တောရွာတွေအနေနဲ့ မြို့ကြီးများနှင့် ယှဉ်လျှင် နည်းပညာများ သင်ယူမှု အခွင့်အလမ်း နည်းပါးတာကြောင့် ယခုလိုနည်းပညာ သင်ယူခွင့်ရအောင် သင်တန်းများ ဖွင့်လှစ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတွက်လည်း များစွာ အကျိုးရှိပါတယ်ဟု သင်တန်းသား တစ်ဦးက ပြောသည်။

နန်းမြင့်(ဝက်လက်)

No comments:

Post a Comment