Tuesday, October 11, 2016

ရခိုင်ပြည်နယ်သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အဖွဲ့ မောင်တောနှင့် ရသေ့တောင်မြို့နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ သြ၀ါဒခံယူ


စစ်တွေ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသိန်းဆွေ၊ ၀န်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့က ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ သြ၀ါဒခံယူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ မဏိရတနာကျောင်းတို့၌ ကျင်းပသည်။

သြ၀ါဒခံယူပွဲတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တစန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရှင်းလင်းလျှောက်ထား ရာတွင် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မြို့မိမြို့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး အောက်တိုဘာ ၉ ရက်က  မောင်တောနှင့် ရသေ့တောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါကြောင်းနှင့်  ၎င်းတို့၏ သဘောထား အမြင်များ၊ ခံစားချက်များ၊ အကြံပြုချက်များကို နားထောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ ယခုကဲ့သို့ ကွင်းဆင်း လာရောက်သည့်အကြောင်းကို ပြည်နယ် သြ၀ါဒါစရိယဆရာ တော်ကြီးများထံ လာရောက် တွေ့ဆုံလျှောက်ထားခြင်းဖြစ်ပါကြောင်းနှင့် ဆရာတော် ကြီးများ၏ ဆန္ဒသဘောထား၊  သြ၀ါဒကို နာယူသွားမည်ဖြစ်ပါကြောင်း တင်ပြ လျှောက်ထားသည်။
ထို့နောက် ဆရာတော်များထံ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ၀န်ကြီးချုပ် နှင့် တက်ရောက် လာကြသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက်  သြ၀ါဒါစရိယ ဆရာတော်ကြီးများဖြစ်သည့် ဒဏ္ခိဏာရာမ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာ သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တစန္ဒ၊ သဒ္ဓမ္မဂရု (ပုသိမ်) ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ၊ မဏိရတနာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တ၀ါစက ဘဒ္ဒန္တသောမ၊ ဓမ္မသုခ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိ ဘဒ္ဒန္တသောမ တို့က သြ၀ါဒကထာချီးမြှင့်ကြသည်။
ဆရာတော်ကြီးများက သြ၀ါဒချီးမြှင့်ရာတွင် ယခုဖြစ်ရပ်အတွက် မိမိတို့ စိတ်နှလုံး မသက်မသာ ဖြစ်ရမှု၊ နောင်အလားတူ မဖြစ်အောင် သတိ၊ ၀ီရိယဖြင့် ဆောင်ရွက်ရန် လိုအပ်မှု၊  ယခုကဲ့သို့ ခံစားမှုမျိုး  မိမိတို့ အကြိမ်ကြိမ် ခံစားနေရမှု၊ အစိုးရသစ်က ပြောင်းလဲမှု များ ဖော်ဆောင်နေချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်သည်မှာ စိတ်လက်မချမ်းသာမှု၊  ယခုကိစ္စရပ်သည် အလွန်ပင် ကြီးကျယ်သည့် ကိစ္စဖြစ် မှု၊  တပ်များ အင်အား ဖြည့်တင်းခြင်း၊ ယခုကဲ့သို့ စစ်တွေမြို့သို့ ပြည်ထောင်စုဝန်ကြီးများ လာရောက်ခြင်းတို့ကို တွေ့ရှိရသည့်အတွက် ကျေနပ်ဝမ်းမြောက်မှု၊ ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် လုံခြုံရေး စိတ်ချရအောင် ဆောင်ရွက်ပေးစေလိုမှု၊ နိုင်ငံတော်က ယခုကဲ့သို့ ဆောင်ရွက်နေမှုကို အားရကျေနပ်ပါကြောင်းနှင့် လုံခြုံစိတ်ချရရေးအတွက် ဆောင်ရွက်ပေးစေ လိုပါကြောင်း မြွက်ကြားသည်။ 

No comments:

Post a Comment