Friday, October 28, 2016

ကျောက်ပန်းတောင်းမြို့နယ် ယာကြီးတောကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊  ညောင်ဦးခရိုင်  ကျောက်ပန်းတောင်းမြို့နယ်တွင်  ကျေးလက်နေပြည်သူများကျန်းမာရေး စောင့်ရှောက်မှု  ပိုမိုလွှမ်းခြုံနိုင်ရန်အတွက်  ကျောက်ပန်းတောင်းမြို့၏ အရှေ့မြောက်ဘက်၊ (၂၈)မိုင်ခန့်အကွာရှိ   ယာကြီး တောကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲကို  အောက်တိုဘာလ (၂၇) ရက်နေ့၊  နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ကျန်းမာရေးဌာနခွဲ အဆောက်အအုံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားပထမပိုင်းတွင် ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချန်ထွန်းအောင်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးဌေးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အခမ်းအနားကို ယာယီမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ၊  ကျောက်ပန်းတောင်းမြို့နယ်  မဲဆန္ဒနယ် အမှတ်(၁)မှ  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးအေးခိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ ချန်ထွန်းအောင် က အမှာစကား ပြောကြားရာတွင် မိမိတို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်ကုသမှု ပိုမိုလွှမ်းခြုံနိုင်စေရန်အတွက် ကျေးလက်ဒေသများတွင် ယခုကဲ့သို့ ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်၍ ကုသခြင်း ပညာပေးခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်သူများမှလည်း ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ကုသခြင်းဆိုင်ရာလုပ်ငန်းများတွင်  အားတက်သရော ပါဝင်ပူးပေါင်းကူညီခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အ၀ ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်ကျန်းမာရေး ဌာနခွဲအဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ရပ်မိရပ်ဖ ဦးတင်ညွန့်က ဒေါက်တာချန်ထွန်းအောင်ထံလွှဲ ပြောင်းပေးအပ်ပြီး ကျေးရွာကိုယ်စား ရပ်မိရပ်ဖ ဦးဌေးလှိုင်က ကျေးဇူတင်စကားပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲမှာ မြေဧရိယာ အလျား(၄၈) ပေ × အနံ(၈၂)ပေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဆောက်အဦ အကျယ်မှာ အလျား(၃၂)ပေ×အနံ(၃၀)ပေနှင့် အမြင့်(၁၁)ပေခွဲ ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅-ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သိန်း(၃၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေ(၉၇)သိန်း၊ စုစုပေါင်းငွေကျပ် (၁၂၇)သိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့   အမျိုးသားလွှတ်တော်   ကိုယ်စားလှယ်  ဦးကျော်တုတ်၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာချန်ထွန်းအောင်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးစိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြင်သာတောင် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ  ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေအောင်(ပြန်/ဆက်)

No comments:

Post a Comment