Friday, October 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (BIDV) ပြည်ပဒါရိုက်တာများ ဘုတ်အဖွဲ့ ယာယီဥက္ကဋ္ဌနှင့် Viettel Telecom Corporation အမှုဆောင် အရာရှိချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၇
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (BIDV) ဒါရိုက်တာများ ဘုတ်အဖွဲ့ ယာယီဥက္ကဋ္ဌ မစ္စတာ ကျန်အိုင်းသွမ် နှင့် Viettel Telecom Corporation ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ငုယင်မင့်ဟုန် တို့အား ယနေ့နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် ဟနွိုင်းမြို့ ဂရင်းပလာဇာ ဟိုတယ် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


နိုင်ငံတော်သမ္မတသည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV) ဒါရိုက်တာများ ဘုတ်အဖွဲ့ ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် (BIDV) ဘဏ်၏ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် လေ့လာ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Viettel Telecom Corporation ၏ အမှုဆောင် အရာရှိချုပ်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ပိုမိုဖြန့်ကျက် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်ဝင်းနှင့် ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ Quang Ninh ပြည်နယ်မှ တာဝန်ရှိသူများနှင့်အတူ Quang Ninh ရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် Ha Long Bay သို့သွားရောက်ပြီး ကမ္ဘာလှည့် ခရီးသွားများ တိုးမြှင့် လာရောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများ၊ သဘာဝ ကျွန်းများ ဖြစ်တည်နေမှုတို့ကို သင်္ဘောများဖြင့် လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကွမ်နင်းပြည်နယ် ပြည်သူ့ ကော်မတီဥက္ကဋ္ဌ မစ္စတာ Nguyen Duc Long တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment