Friday, October 21, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာတိုင်းရင်းသားတို့ ၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြည့်ရှုအားပေး


နေပြည်တော် အောက်တိုဘာ ၂၁
(၂၂) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကြည့်ရှုအား ပေးသည်။



ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယကသည် နံနက်(၉)နာရီ (၂၅)မိနစ်တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာအက (အလွတ်တန်း) ပြိုင်ပွဲတွင် ရခိုင်တိုင်းရင်းသားတို့၏ စာဆိုအမွေ ထွန်းပြောင်လီအက၊ ဧရာဝတီတိုင်းသားတို့၏ ကျေးလက်ရိုးရာ ထီးယိမ်းအက၊ ချင်း တိုင်းရင်းသားတို့၏ ရူဆုပ်အက၊ မန္တလေးတိုင်းသားတို့၏ ကျေးလက်လူမှုဘ၀ အကနှင့် ကရင်တိုင်းရင်းသားတို့၏ ဘ၀သရုပ်ဖော်အက တို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် သစ်တောတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည့် ဆိုင်းတစ်ဦးချင်း ၀ါသနာရှင်အဆင့်ပြိုင်ပွဲ (ဒုတိယတန်း)တွင် မန္တလေးတိုင်းဒေသကြီးမှ ဦးပတ္တမြားမြဟန်၏ ပြိုင်ပွဲဝင် တီးခတ်မှု၊ စိုက်ပျိုးရေးတက္ကသိုလ် စာသင်ခန်းမဆောင် အမှတ်(၄)၌ ကျင်းပ သည့် ကာလပေါ်တေးပြိုင်ပွဲ ၀ါသနာရှင်အဆင့် (ဒုတိယတန်း)တွင် ကရင်ပြည်နယ် မှ မောင်စောအောင်ထွန်းမင်း၏ ပြိုင်ပွဲဝင်သီဆိုမှု၊ စိုက်ပျိုးရေးတက္ကသိုလ် စာသင်ခန်းမဆောင် အမှတ်(၅)၌ ကျင်းပသည့် မဟာဂီတပြိုင်ပွဲ ၀ါသနာရှင်အဆင့် (ဒုတိယတန်း)တွင် ပဲခူးတိုင်း ဒေသကြီးမှ ဒေါ်အေးအေးခိုင်(ခ) ဒေါ်အေးအေးမြိုင်၏  ပြိုင်ပွဲဝင်သီဆိုမှု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည့် ၀ါသနာရှင်အဆင့် (ပထမတန်း) တယောပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးသန်းဇော်၏ တယောလက်သံ ယှဉ်ပြိုင်မှု တို့ကို ကြည့်ရှုအားပေးသည်။

No comments:

Post a Comment