Saturday, October 1, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


နေပြည်တော် အောက်တိုဘာ ၁ 
 
နည်းပညာများ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည်နှင့်အမျှ ဖြစ်ပေါ်လာ သည့် မှုခင်းပုံစံသစ်များ၊ အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကို စနစ်တကျ ကိုင်တွယ် နိုင်ရန် ရဲတပ်ဖွဲ့ဝင်အဆင့်တိုင်းကို အရည်အသွေးပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့် ပေးရန် လိုအပ်ပါကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ 
 
 (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပစဉ်  ဒုတိယသမ္မတ ဦးမြင့်ဆွေက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြမ်းဖက်မှုများအပါအဝင် မျိုးစုံသည့် မှုခင်းများကို ထိရောက်စွာထိန်းချုပ်နိုင်ရေးကြိုးပမ်းရာတွင်  မှုခင်းများ တိုးစေလျော့စေသည့် အကြောင်းတရားများသည် လူမှုရေးပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ၊ စီးပွားရေး ဆိုင်ရာပြဿနာများနှင့် နီးကပ်စွာဆက်နွယ်နေသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားစီရင်ရေးစနစ်တို့ အပေါ်တွင်သာ မှီခိုအားထားခြင်းမပြုဘဲ ရဲတပ်ဖွဲ့နှင့် တရားစီရင် ရေးကဏ္ဍအပါအဝင်၊ ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နေရာချထားရေးနှင့် အလုပ် အကိုင် ရှာဖွေရေးကဏ္ဍများ၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လူထုလူတန်း စား အဖွဲ့အစည်းများနှင့် မီဒီယာ စသည့် ကဏ္ဍပေါင်းစုံတို့ဖြင့်  ပူးပေါင်းဆောင်ရွက် ရေးသည် အရေးကြီးကြာင်း ပြောကြားခဲ့သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်း ရမည့်  ပြဿနာတစ်ရပ်မှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ မူးယစ်ဆေးဝါး ပြဿနာကိုင်တွယ် ဖြေရှင်းရေးအတွက် မဟာဗျူဟာရေးဆွဲရာတွင် တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး ကဏ္ဍများကိုသာမက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ် ရေး မူဝါဒသစ်တစ်ရပ် ရေးဆွဲရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းစွမ်းရည်များ မြှင့်တင်ဆောင်ရွက် စေရုံမျှမက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲ လာစေရန် UNDP, UNICEF, UNODC, ICRC, OHCHER, UN တို့၏ ကူညီမှုများဖြင့် လူ့အခွင့်အရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကို ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး ရဲကွပ်ကဲ မှုအဖွဲ့တို့ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဆောင်ရွက် ခဲ့ပါကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်သူလူထု အကျိုးစီးပွားကို ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် သမာသမတ်ရှိရှိ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ခွင့်ပြုနိုင်သည့် အတိုင်းအတာနှင့်အညီ ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးပြီးဖြစ်ပါကြောင်း။
ပြည်တွင်းလုံခြုံရေးကဏ္ဍများတွင် နိုင်ငံတကာ အသိအမှတ်ပြုမှုများကို ရရှိခဲ့ပါ ကြောင်း၊ ပြည်သူများ ဥပဒေရေးရာ ဗဟုသုတ ပိုမိုကျယ်ပြန့်စွာရရှိစေရေးအတွက် မှုခင်းဆိုင်ရာ အသိပညာပေးမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မူးယစ် ဆေးဝါးအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာများနှင့် လူကုန်ကူးမှုဆိုင်ရာ သတိပြု ဆင်ခြင်ဖွယ်ရာများကို အသိပညာပေးခြင်း၊ ပြည်သူများမှလည်း မီဒီယာများမှတစ်ဆင့် တိုက်ရိုက် သတင်းပေးခြင်း စသည့်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တရားခံပြေးများ၊ မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများကို ပိုမိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါ ကြောင်း။
အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စွမ်းရည်ပြည့်ဝရေးတို့အတွက် တပ်ဖွဲ့ဝင်တစ်ဦးချင်းအနေဖြင့် စဉ်ဆက်မပြတ် ခံယူ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဂတိတရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့မှချမှတ်ထား သည့် စည်းကမ်း၊ ကျင့်ဝတ်နှင့် သိက္ခာများကိုလိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်း တစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံမှုအကာအကွယ်ပေးစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များ၊ မှုခင်းဖြစ်ပွားမှုအခြေအနေများနှင့်  ပြည်သူတို့၏ လိုလားချက်များအပေါ် တရားဥပဒေ နှင့်အညီဖြည့်ဆည်းဆောင်ရွက်နိုင်မှု အခြေအနေများကို စဉ်ဆက်မပြတ် သတင်း ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း၊ မီဒီယာနှင့် ရဲတပ်ဖွဲ့ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက် ပြီး ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကို မြှင့်တင်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီခေတ်၏ ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်း တိုက်ဖျက်သူ (Crime Fighter) များအနေဖြင့်သာမက ဒီမိုကရေစီလူ့ဘောင်အဖွဲ့ အစည်းအတွက် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသူ (Human Right Protector) များ၊ နိုင်ငံသားများအားလုံး ဘေးကင်းငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စောင့်ရှောက်ပေးရသူ (Peace Keeper)များ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်ကို ဒီမိုကရေစီ ရဲလုပ်ငန်းစနစ်အပါအ၀င် ကျင့်ဝတ်များနှင့် စွမ်းရည်များကို လေ့လာသင်ယူပြီး မိမိတို့၏ လုပ်ပိုင်ခွင့်များနှင့် ဥပဒေအသုံးချမှုများတွင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှု ပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများအဖြစ်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း။
ထို့ပြင် လုပ်ငန်းခွင်နှင့် ဘဝလမ်းကြောင်း တစ်လျှောက်တွင် စံပြနိုင်ငံသား ကောင်း တစ်ယောက်၏ တန်ဖိုးများ၊ ကိုယ်ကျင့်သီလ ကောင်းများနှင့်အညီ ပြုမူကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့်  ကိုယ်ပိုင်အရည် အသွေးများကို အစဉ်မြှင့်တင်၍ နိုင်ငံတော်နှင့် ပြည်သူအပေါ် အကျိုးပြုရသည့် မိမိအလုပ် တာဝန်ကို တန်ဖိုးထားဂုဏ်ယူစွာ အစဉ်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရရှိသူတပ်ဖွဲ့ဝင် နှစ် ဦးတို့၏ ကိုယ်စား ၎င်းတို့၏ မိသားစုဝင်များအား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ပြီး စံပြရဲရရှိသူ အရာရှိနှစ်ဦးအား စံပြရဲစလွယ်နှင့် ရာထူးအဆင့်တံဆိပ်များချီးမြှင့်ပေးအပ်သည်။
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက စံပြရဲရရှိသူ တပ်ဖွဲ့ဝင် အခြားအဆင့်  လေးဦးအား စံပြရဲစလွယ်နှင့် ရာထူးအဆင့် တံဆိပ်ချီးမြှင့်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ Video Clip ပြသသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ပြခန်းများအား လှည့်လည့်ကြည့် ရှုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းမှ စတင် ပြုပြင်ပြောင်းခဲ့ရာမှ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။  ထိုအမည်ပြောင်းချိန် မှစတင် ၍  လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဂတိကင်းစွာလုပ်ဆောင်ရေး၊ အမှန်တရား အတွက် သတ္တိရှိရှိ ရဲရင့်စွာလုပ်ဆောင်ရေးတို့အတွက် ကြိုးစားပြုပြင်ခဲ့သည်။
၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အမည်သို့ ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကျဉ်းနိုင်သည့် ရဲတပ်ဖွဲ့ပေါ် ပေါက်လာ စေရေးအတွက် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲစေရန် အစီအမံ များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၅၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏  ရည်မှန်းချက်တာဝန်(၄)ရပ်မှာ  ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်း၊  ဒုတိယရဲချုပ်၊ ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်နှင့် ရဲထောက်ချုပ်တို့က တရားဥပဒေစိုးမိုးရေး အတွက် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည့် ပြည်သူ ငါး ဦး၊  ဂုဏ်ထူးဆောင်ဆု၊ အမျိုးသမီးစွမ်းဆောင်ရှင်ဆု၊ ရုံးဝန်ထမ်းထူးချွန်ဆုနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

No comments:

Post a Comment